International News

ဖိလစ်ပိုင်နိုင်ငံ၌ သီးနှံအာမခံမှုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်မည်

Last Updated:

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပသော ၆ ကြိမ်မြောက် နိုင်ငံတကာဆန်စပါးညီလာခံတွင် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာန (IRRI)၊ ဖိလစ်ပိုင်ဆန်စပါးသုတေသနဌာန (PhilRice) နှင့် ဖိလစ်ပိုင်သီးနှံအာမခံကော်ပိုရေးရှင်း (PCIC) တို့သည် သီးနှံအာမခံမှု စီမံကိန်းဆိုင်ရာ သဘောတူညီချက်စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ဖိလစ်ပိုင် လယ်သမားများသည် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ၊ မိုးခေါင်မှုနှင့် ရေကြီးမှုများကဲ့သို့သော ဘေးအန္တရာယ်များကြောင့် သီးနှံအထွက်ဆုံးရှုံးမှုကို အစဉ်တစိုက် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အဆိုပါသဘောတူညီချက်သည်  ဖိလစ်ပိုင်တောင်သူလယ်သမား ၂.၄ သန်းခန့်အတွက် သီးနှံအာမခံထုတ်ကုန်များ ပေးအပ်ရန် ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်ဖြစ်ကြောင်း၊ စပါးစိုက်ဧရိယာနှင့် စိုက်ပျိုးမည့်ကာလတို့ကို အသေးစိတ်စီစဉ် ရေးဆွဲဆောင်ရွက်သည့် ဖိလစ်ပိုင်ဆန်စပါးသတင်းအချက်အလက်စနစ်ထံမှ အချက်အလက်များကို ဆန်စပါးသီးနှံ အာမခံမှုအတွက် စိုက်ဧရိယာအခြေခံ အထွက်နှုန်း (Area-Based Yield - ARBY) အညွှန်းကိန်း ဒီဇိုင်းရေးဆွဲခြင်းနှင့် စမ်းသပ်ခြင်းတို့တွင် အသုံးပြုမည်ဖြစ်ကြောင်း Manila Times သတင်းဌာနက ဖော်ပြပါသည်။ 

အထွက်နှုန်းခန့်မှန်းချက်များနှင့် ရာသီကုန်သီးနှံအထွက်ပမာဏကို အချိန်နှင့်တစ်ပြေးညီ သိမြင်နိုင်မှုနှင့်အတူ ဆန်စပါးအတွက် ဂြိုလ်တုစနစ်အခြေခံသည့် ARBY အညွှန်းအာမခံစနစ်သည် လုပ်ကွက်ငယ် တောင်သူလယ်သမားများအတွက် လိုအပ်ကြီးမားသောကဏ္ဍအပေါ် လွှမ်းခြုံမှုရှိပြီး ရိုးရှင်းလွယ်ကူအောင် အထောက်အပံ့ပြုမည်ဖြစ်ကြောင်း၊ ထို့ပြင် အနာဂတ်တွင် စိုက်ပျိုးရေးအတွက် ပိုမို ခံနိုင်ရည်ရှိပြီး ရေရှည်တည်တံ့မည့်လမ်းကို ခင်းပေးနိုင်မည်ဖြစ်ကြောင်း IRRI ၏ ခေတ္တညွှန်ကြားရေးမှူးချုပ် Ajay Kohli က ပြောဆိုခဲ့သည်။

PCIC ၏အဆိုအရ အာမခံစနစ်သည် ဆန်၊ ပြောင်းနှင့် အခြားသီးနှံများအတွက်  တန်ဖိုးမြင့်သီးနှံအာမခံပေးအပ်မှုကို လွှမ်းခြုံမည်ဖြစ်ကြောင်း၊ ထို့အပြင် မွေးမြူရေးလုပ်ငန်းများအတွက်  အာမခံပေးမှုနှင့် ငါးလုပ်ငန်းအာမခံပေးခြင်းတို့လည်း ပါဝင်ကြောင်း သိရပါသည်။

စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းတို့တွင် အသုံးပြုသည့် စက်ယန္တရားများနှင့် အဆောက်အဦများ အတွက်လည်း PCIC မှ အာမခံဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း၊ ခေတ်မီနည်းပညာများ အသုံးချမှုကို မြင့်တင်ခြင်းဖြင့် ဖိလစ်ပိုင်နိုင်ငံသည် ပိုမိုကောင်းမွန်သော အာမခံစီမံကိန်း လုပ်ငန်းများကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း PCIC ဥက္ကဋ္ဌ Jovy Bernabe က မှတ်ချက်ပြုပြောကြားခဲ့သည်။

Source: Manila Times, 20 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14777

Category: International News