International News

ဘင်္ဂလားဒေ့ရှ်တွင် စပ်မျိုးစပါးများ စိုက်ပျိုးရန် အစိုးရက ဆွဲဆောင်လျက်ရှိ

Last Updated:

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုနှစ် ဘိုရိုရာသီ (Boro season) ခေါ် နွေစပါးရာသီတွင် စပ်မျိုးစပါးများ စိုက်ပျိုးထုတ်လုပ်ရေးနှင့် စပ်လျဉ်းသည့် ဆွဲဆောင်မှုတစ်ခုအဖြစ် တာကာငွေ ကုဋေ ၉၀ ကို ပံ့ပိုးပေးမည်ဟု အစိုးရက ၁၉-၁၀-၂၀၂၃ ရက်နေ့တွင် အမိန့်ထုတ်ပြန်ခဲ့ပြီး ကွင်းဆင်းလေ့လာ သည့်အဆင့်များကို  မကြာမီ စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။    

အဆိုပါပံပိုးမှုအစီအစဉ်အောက်တွင် လုပ်ကွက်ငယ်လယ်သမား ၁၄.၄၀ သိန်းသည် ၁ ဘီဂါ (bigha) (၁၆၀၀ စတုရန်းကိုက်) အကျယ်အဝန်းရှိသောစိုက်ပျိုးမြေအတွက် လုံလောက်မှုရှိမည့် စပ်မျိုးစပါး မျိုးစေ့ နှစ်ကီလိုဂရမ်ကို အခမဲ့ရရှိမည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ဘိုရိုရာသီတွင် စပ်မျိုးစပါးစိုက်ပျိုးမှုမှာ ဟက်တာ ၁.၉၂ သိန်း ပိုမိုလာမည်ဖြစ်ပြီး စပါးတန်ချိန် ၉.၅ သိန်း ထပ်ဆောင်းထွက်ရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် နွေစပါးအထွက်နှုန်းမှာ ၁ ဟက်တာလျှင် ၄.၉၅ တန်သို့ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၌ တောင်သူဦးရေ ၁၅ သိန်းသို့ စပ်မျိုး စပါးမျိုးစေ့များ အခမဲ့ပေးဝေခဲ့ပြီး လယ်မြေဟက်တာ ၂ သိန်းတွင် စိုက်ပျိုးလျက် စပါးတန်ချိန် ၉.၈၃ သိန်း တိုးမြှင့်ထုတ်လုပ်နိုင်ခဲ့သည်။

Source: The Daily Star, 19 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14776

Category: International News