Local News

“မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းပြီး တရုတ်နိုင်ငံဘက်မှ ဝယ်ယူလိုသော သစ်သီးဝလံများ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)စာရင်းတွင်ပါရှိနိုင်ရေး” ညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်စိုက်ပျိုးပြီး တရုတ်နိုင်ငံဘက်မှလည်း ဝယ်ယူလိုသော သီးနှံများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)စာရင်းတွင် ပါရှိနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မေလ(၁၂) ရက်နေ့၊ နေ့လည်(၁၄:၀၀)နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေးပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ညှိနှိုင်းအစည်းအဝေးပွဲသို့ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ နန်နင်း၊ ပေကျင်း၊ ဟောင်ကောင်နှင့် ကူမင်းမြို့တို့မှ မြန်မာစီးပွားရေးသံမှူးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှှိသူများ ကုန်သွယ်မှုဗဟိုဌာန တာဝန်ခံများ စုစုပေါင်း (၃၃) ဦး တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းပြီး တရုတ်နိုင်ငံမှ ဝယ်ယူလိုသောသီးနှံများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GACC)စာရင်းတွင် ပါရှိနိုင်ရေးအတွက် သက်ဆိုင် ရာဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအသင်းအဖွဲ့မှ တာဝန်ရှိသူများမှ ပူးပေါင်း၍ ဦးစားပေးဆောင်ရွက်ပေးစေလိုပါကြောင်း၊ တရုတ်နိုင်ငံဘက်မှ ထောပတ်သီး၊ ပင်မှည့်သီး၊ ကျွဲကောသီး၊ ဝဥအခြောက်/အမှုန့်၊ ပိန္နဲသီး၊ မက္ကဒေးမီးယား၊ ဒူးရင်းသီး၊ ကန်စွန်းဥ၊ အုန်းသီး၊ ပြောင်းချို စသည့်သစ်သီးများကို ဝယ်ယူလိုသည့်အခြေအနေရှိပါကြောင်း၊ အဆိုပါသစ်သီးဝလံများကို GACC စာရင်းတွင် ပါရှိနိုင်ရေးဆောင်ရွက်ရန်အတွက် ထိထိရောက်ရောက် ဆွေးနွေးကြစေလိုပါကြောင်း၊ အသင်းအဖွဲ့များမှလည်း လုပ်ထုံးလုပ်နည်း စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ စီးပွားရေးသံမှူးများနှင့်အသင်းအဖွဲ့များမှ တက်ရောက်လာကြ သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို (၁၅:၂၅) နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

Category: Local News