International News

ဆန်တန်ချိန် ၁.၅ သန်း ထပ်မံတင်သွင်းရန် အင်ဒိုနီးရှားအစိုးရက စီစဉ်လျက်ရှိ

Last Updated:

အင်ဒိုနီးရှားနိုင်ငံတွင် အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် စပါးများရိတ်သိမ်းထွက်ရှိမှု လျော့နည်းမည့် အခြေအနေအရ နောက်ထပ် ဆန်တန်ချိန် ၁.၅ သန်းကို ထပ်မံတင်သွင်းရန် လိုအပ်လျက်ရှိကြောင်း သမ္မတဂျိုကိုဝီဒိုဒိုက ၈-၁၀-၂၀၂၃ ရက်၊ တနင်္ဂနွေနေ့၌ သတင်းထုတ်ပြန်ရာတွင် ပြောကြားခဲ့ပါသည်။

ယခုနှစ်၏ ဒုတိယမြောက် သီးနှံစိုက်ပျိုးရာသီအတွင်း အနောက်ဂျာဗားပြည်နယ်၊ Subang ‌ဒေသရှိ စပါးစိုက်ခင်းများသို့ သွားရောက်လေ့လာခဲ့သည့် ခရီးစဉ်အပြီးတွင် ဆန်ထပ်မံတင်သွင်းခွင့်ပြုရန် အင်ဒိုနီးရှားသမ္မတက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အရန်ဆန် တန်ချိန် ၂ သန်းကို ပြည်ပမှဝယ်ယူဖြည့်ဆည်းရန်အတွက် အင်ဒိုနီးရှားအစိုးရသည် နိုင်ငံပိုင် ထောက်ပံ့ပို့ဆောင်ရေး အေဂျင်စီဖြစ်သော Bulog အဖွဲ့အစည်းသို့ ၂၀၂၃ ခုနှစ် အစောပိုင်းကာလတွင် တာဝန်ပေးအပ်ခဲ့ ကြောင်း၊ လက်ရှိကာလတွင် နိုင်ငံတော်အရန်ဆန်အား တန်ချိန် ၁.၇ သန်းအထိ စုဆောင်းထား ရှိပြီးဖြစ်ကြောင်း၊ သို့သော် ၎င်းပမာဏသည် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ပြည်တွင်း၌ ဆန်စပါး ထုတ်လုပ်မှုအပေါ် ထိခိုက်မှုကို ကုစားရန် လုံလောက်ခြင်းမရှိဟု သမ္မတဂျိုကိုဝီက ပြောကြားခဲ့ ကြောင်း၊ Bulog အဖွဲ့သည် ဆန်တန်ချိန် ၂ သန်းကို ယခုနှစ် နိုဝင်ဘာလအတွင်း အပြည့်အဝ ဖြည့်ဆည်းနိုင်မည်ဟု ခန့်မှန်းရကြောင်းဖြင့် Jakarta Post သတင်းဌာနက ဖော်ပြပါသည်။

အင်ဒိုနီးရှား ခေတ္တစိုက်ပျိုးရေးဝန်ကြီး Arief Prasetyo Adi က အဆိုပါ ဆန်တန်ချိန် ၁.၅ သန်းကို ထပ်မံဝယ်ယူတင်သွင်းရန်အတွက် အစိုးရ၏ အုပ်ချုပ်စီမံမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဗီယက်နမ်နှင့်ထိုင်းနိုင်ငံတို့ထံမှ ဆန်များကို အဓိကတင်သွင်းမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှားအနေဖြင့် ပြည်ပမှ ဆန်များကို အစဉ်တစိုက် ဝယ်ယူရန်မရှိပဲ ယခုကဲသို့ တင်သွင်းခွင့်ပြုခြင်းမှာ အရေးပေါ်အစီအမံသာ ဖြစ်ကြောင်း၊ သင်္ဘောတင်ပို့ရန် အချိန်ကန့်သတ်ချက်ရှိမှုအရ Bulog အဖွဲ့အနေဖြင့် ထပ်တိုးမည့် ဆန်တန်ချိန် ၁.၅ သန်းကို ဒီဇင်ဘာလကုန်အပြီး တင်သွင်းနိုင်ဖွယ်မရှိကြောင်းဖြင့် ၉-၁၀-၂၀၂၃ နေ့တွင် ပြောကြားခဲ့ပါသည်။

Bulog အဖွဲ့မှ အရာရှိတစ်ဦးဖြစ်သော Epi Sulandari က ၉-၁၀-၂၀၂၃ နေ့၌ CNBC Indonesia သတင်းဌာနသို့ ပြောဆိုချက်အရ ၂၉-၉-၂၀၂၃ နေ့အထိ Bulog အဖွဲ့သည် ဆန်တန်ချိန် ၁.၆၃ သန်းကို တင်သွင်းထားရှိပြီး တန်ချိန် ၄၇၁၈၂၆ တန်သည် လမ်းခုလတ်တွင် ရောက်ရှိနေဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၃၀ ရက်နေ့၌ ကျင်းပခဲ့သော လွှတ်တော်အစည်းအဝေးတစ်ရပ်တွင် အယ်လ်နီညို ဖြစ်စဉ်သည် အသင့်အတင့် အားကောင်းမှုရှိပါက အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်သီးနှံရာသီ၌ ဆန်တန်ချိန် ၃၈၀၀၀၀ ခန့် အထွက်ပမာဏ လျော့နည်းနိုင်မည်ဟု အင်ဒိုနီးရှား စိုက်ပျိုး ရေးဝန်ကြီးဌာနက ခန့်မှန်းချက် တင်ပြခဲ့သည်။ သို့ရာတွင် အယ်လ်နီညို ဖြစ်စဉ်သည် အားကောင်းသည့် အဆင့်ရှိပါက နိုင်ငံတစ်ဝန်းလုံး၌ ဆန်ထွက်ရှိမှုမှာ တန်ချိန် ၁.၂ သန်းခန့် လျော့ကျမှုရှိနိုင်ကြောင်း ယခင်စိုက်ပျိုးရေးဝန်ကြီး Syahrul Yasin Limpo က ပြောကြားထားသည်။

ကမ္ဘာတစ်ဝန်း၌ မိုးလေဝသအေဂျင်စီများစွာက ယခုနှစ်တွင် အားကောင်းသည့် အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်မည်ဖြစ်ကြောင်း ခန့်မှန်းလျက်ရှိသော်လည်း အင်ဒိုနီးရှား မိုးလေဝသ၊ ရာသီဥတုနှင့် ရူပ ပထဝီရေးရာဌာနမှ ပြောရေးဆိုခွင့်ရှိသူ Supari က အင်ဒိုနီးရှားနိုင်ငံ၌ မိုးရာသီကာလဖြစ်သော ဒီဇင်ဘာလမှ ဖေဖော်ဝါရီလတွင်း အားကောင်းသည့် အယ်လ်နီညိုဖြစ်စဉ်ကို ကာလတိုတောင်းစွာ ကြုံတွေ့ရဖွယ်ရှိသဖြင့် သက်ရောက်မှုလျော့ပါးနိုင်ကြောင်း ပြောကြားခဲ့သည်။

Source: Jakarta Post, 9 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

source:   https://www.doca.gov.mm/my/node/14147

Category: International News