International News

စပါးစိုက်တောင်သူများသို့ ပီဆိုငွေ ၁၂.၇ ဘီလီယံ ထောက်ပံ့ရန် ဖိလစ်ပိုင်အစိုးရ အတည်ပြု

Last Updated:

ဖိလစ်ပိုင်ပြည်တွင်း၌ စိုက်ပျိုးရေးဆိုင်ရာ စိန်ခေါ်မှုများအကြား စပါးစိုက်ပျိုးထုတ်လုပ် လျက်ရှိသော လုပ်ကွက်ငယ်တောင်သူပေါင်း ၂.၃ သန်းခန့်ကို ပံ့ပိုးမည့် စပါးစိုက်တောင်သူများ ငွေကြေးထောက်ပံ့မှု အစီအစဉ် (RFFA) အတွက် ပီဆိုငွေ ၁၂.၇ ဘီလီယံကို ကျခံသုံးစွဲရန် သမ္မတဖာဒီနန်မားကို့စ်က အတည်ပြုလိုက်ကြောင်း Malacañang သမ္မတအိမ်တော်က ၃၀-၉-၂၀၂၃ ရက် စနေနေ့တွင် ကြေညာခဲ့သည်။

ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်မှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ၎င်းတို့၏ ကုန်ထုတ် စွမ်းအားကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် တောင်သူလယ်သမားများအား ကူညီရန် သမ္မတဖာဒီနန်မားကို့စ်က ၂၇-၉-၂၀၂၃ ရက်၊ ကြာသပတေးနေ့တွင် အမိန့်ထုတ်ပြန်ခဲ့ကြောင်း သမ္မတရုံး၏ ဆက်သွယ်ရေးအတွင်းဝန် Cheloy Garafil က ပြောကြားခဲ့သည်။

အဆိုပါ RFFA ထောက်ပံ့မှုအစီအစဉ်သည် ၂၀၂၂ ခုနှစ်အတွင်း ဆန်တင်သွင်းမှုမှ ပိုလျှံသော အကောက်ခွန်ကောက်ခံမှုမှတစ်ဆင့် ရန်ပုံငွေဖြည့်ဆည်းထားခြင်းဖြစ်ပြီး  စိုက်ပျိုးရေးကို အခြေခံသည့် ကဏ္ဍများအတွက် မှတ်ပုံတင်စနစ် (RSBSA) တွင် မှတ်ပုံတင်ထားသည့် တောင်သူတစ်ဦးချင်းစီအတွက် အကျိုးခံစားခွင့်အဖြစ် ငွေကြေးအကူအညီ ပီဆို ၅၀၀၀ ရရှိမည်ဖြစ်သည်။

RFFA အကျိုးခံစားခွင့် ရရှိသူများသည် လယ်ယာသမဝါယမအသင်းများ၊ ဆည်မြောင်း အသင်းများ၊ စိုက်ပျိုးရေး၊ ပြုပြင်ပြောင်းလဲရေး အကျိုးခံစားခွင့် အဖွဲ့အစည်းများ၊ အသေးစား ရေပေးဝေမှုစနစ် အသင်းများနှင့် အခြားသော လယ်ယာလုပ်ငန်းအဖွဲ့များတွင် ပါဝင်သူများဖြစ် သည်။ ဤအစီအစဉ်သည် Republic Act (RA) 11598 သို့မဟုတ် ဖိလစ်ပိုင်လယ်သမားများဆိုင်ရာ အက်ဥပဒေ ၂၀၂၁ အရ ပြဌာန်းထားသည့် စိုက်ပျိုးမြေ ဧရိယာ ၂ ဟက်တာအောက် လယ်ထွန် စိုက်ပျိုးလျက် ရှိသည့် လယ်သမားများအတွက် ခြွင်းချက်မရှိ ငွေကြေးအကူအညီတစ်ခုဖြစ်သည်။

RFFA အစီအစဉ်သည် ထုတ်လုပ်မှု ကုန်ကျစရိတ် တိုးမြင့်လာမှုကို ရင်ဆိုင်ရန်နှင့် လာမည့် နှစ်တွင် အယ်လ်နီညိုကဲ့သို့ ဖြစ်စဉ်များ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရပါက တောင်သူများအနေဖြင့် ၎င်းတို့၏ ကုန်ထုတ်စွမ်းအားကို ထိန်းသိမ်းနိုင်အောင် အထောက်အကူပြုမည်ဖြစ်ကြောင်း သမ္မတ ဖာဒီနန်မားကို့စ်က ပြောကြားခဲ့သည်။

အိမ်သုံးသီးနှံများ ဖြန့်ကျက်စိုက်ပျိုးမှု အစီအစဉ်အောက်တွင် အကောက်ခွန် ပိုလျှံကောက် ခံရရှိသည့် ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သူများသို့  ထောက်ပံ့မည့် Palayamanan Plus ခေါ် ထောက်ပံ့မှု အစီအစဉ်တွင်လည်း ပီဆိုငွေ သန်း ၇၀၀ ကို သုံးစွဲခွင့်ပြုကြောင်း သမ္မတ ဖာဒီနန် မားကို့စ်က အတည်ပြုခဲ့ပါသည်။ အကျိုးခံစားခွင့်ရှိသူ ၇၈၀၀၀ ခန့်သည် တစ်ဦးလျှင် ပီဆိုငွေ ၁၀၀၀၀ ကို  လက်ခံရရှိမည်ဖြစ်သည်။

အဆိုပြုထားသော RFFA နှင့် Palayamanan Plus ဘဏ္ဍာရေးအကူအညီ အစီအစဉ်နှစ်ခုသည် ဆန်စပါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအစီအမံကို အထောက်အပံ့ပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: Manila Times, 1 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14131

Category: International News