Local News

ပြည်တွင်းမှာ ဆန်စပါးအထွက်နည်းတဲ့ကာလ ဖြစ်လို့ ပြည်ပဆန်တင်ပို့မှုကို လျှော့ချနေ

Last Updated:

      ပြည်တွင်းမှာ နွေစပါးနဲ့ မိုးစပါး ထွက်ရှိချိန် ကြားကာလဖြစ်လို့ ဆန်အထွက်နှုန်းနေတာကြောင့် ပြည်ပဆန်တင်ပို့မှုကို လျှော့ချတင်ပို့နေတယ်လို့ ရန်ကုန်ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ သိရပါတယ်။ “အခုရက်ပိုင်း နယ်ကနေဝင်တဲ့ဆန်အရေအတွက်က နည်းလာတော့ export သတ်မှတ်ထားတဲ့ ပမာဏထက် နည်းနည်းလျှော့ချပြီးတော့ ဒီလမှာ ပို့တယ်။ ဖေဖော်ဝါရီအတွက်က အမြင့်ဆုံးက ပို့ခဲ့ပြီးပြီ။ မတ်လမှာ တန်ချိန် နှစ်သိန်းလောက် နယ်စပ်ကို ငါးသောင်းလောက် အဲ့လိုလျာထားတာကို လျှော့ချတင်ပို့တာတွေ ရှိတယ်။ 

     အခု မိုးစပါးစိုက်တဲ့ စပါးက တောင်သူလက်ထဲ စက်ပိုင်တွေလက်ထဲလည်းမရှိတော့ဘူး။ နွေစပါးကလည်း ဒေသအစုံလှိုင်လှိုင် မပေါ်သေးတဲ့အတွက် မတ်လနဲ့ ဧပြီလတွေမှာ ဆန်ဝင်ရောက်မှုက အားနည်းနေသေးတယ်။ အဲ့လိုအဝင်နည်းနေတဲ့အချိန် ပြည်ပတင်ပို့ဖို့ အလုံးအရင်းနဲ့ ခွင့်ပြုလိုက်ရင် ဈေးကမလိုအပ်ဘဲ အများကြီး တက်သွားမယ်။ နောက်ပြီး တင်ပို့သူတွေအတွက်လည်း အများကြီးကိုက်လှတဲ့ဈေးမဟုတ်ဘူး။ မေလလောက် လှိုင်လှိုင်ထွက်လာရင်တော့ ပိုမိုတင်ပို့နိုင်မယ်” လို့ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဘုရင့်နောင်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။ 

     လက်ရှိ ဆန်နဲ့ဆန်ကွဲ ပြည်ပတင်ပို့ဖို့ လိုင်စင်ထုတ်ပေးရာမှာ ဆန်ဈေးမတက်စေဖို့ ကုန်ပစ္စည်း Cargo လက်ဝယ် ရှိတဲ့သူ၊ ကုန်ဝယ်ပြီးသားရှိတဲ့သူကိုပဲ ဦးစားပေး လိုင်စင်ပေးတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်နေ့ကို ဆန်ကွဲနဲ့ ဆန်အိတ်ရေ အများဆုံးဝင်ရောက်မှုက တစ်သိန်းလောက်ရှိပြီး လက်ရှိကာလ အိတ်ရေ ခြောက်သောင်းဝန်းကျင်သာ ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။

Myanma Platform News

Current Content

Category: Local News