Local News

ပဲအသစ်များပေါ်ချိန် တောင်သူများ စျေးကောင်းရနေ

Last Updated:

     မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ပဲအသစ်များ စျေးကွက်ထဲသို့ လှိုင်လှိုင်ဝင်ရောက်လာပြီး စျေးကောင်းရနေတဲ့အတွက် တောင်သူများအဆင်ပြေနေသည်ဟု သိရှိရပါသည်။ စျေးကွက်ထဲသို့ ကုလားပဲ(HL)၊ ကုလားပဲ(မြကြေး)၊ ပဲကြီး၊ ဘိုကိတ်ပြာစသည့် ပဲအသစ်များ ဝင်ရောက်လာပြီး ဝင်သလောက်လည်း အရောင်းအဝယ်သွတ်နေကြောင်း သိရှိရပါသည်။

     ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက စိုက်ပျိုးမှုနည်းသလို အထွက်လည်းနည်းကြောင်း၊ စိုက်ပျိုးမှုနည်းရခြင်းမှာ စိုက်စရိတ်ကြီးမြင့်မှု၊ ပိုးကျမှု၊ လုပ်သားရှားပါးမှုကြောင့် စိုက်ပျိုးချိန်ရောက်နေ သော်လည်း အချို့မှာ မစိုက်ဖြစ်ခဲ့ခြင်းကြောင့် အထွက်လည်းနည်းနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ ပဲကြီးစျေးမှာ တရုတ်ဝယ်လိုအားကြောင့် ပြီးခဲ့သည့်နှစ်စျေးနှင့် နှိုင်းယှဉ်ပါက သိသိသာသာ စျေးကောင်းရနေကာ ကုလားပဲစျေးနှင့် ဘိုကိတ်ပဲစျေးတို့လည်း စျေးကောင်းရနေကြောင်း သိရှိရပါ သည်။ ကုလားပဲကို ပြည်တွင်းစားသုံးမှုများတဲ့အတွက် ပဲခွဲစက်သမားများမှ အဝယ်ရှိနေပြီး ပဲကြီး ကိုတော့ ပြည်တွင်းပဲကြော်လုပ်ငန်းများနှင့် တရုတ်မှ အဝယ်ရှိနေသဖြင့် စျေးပိုမိုရရှိနေကြောင်း၊ ဘိုကိတ်ပဲကိုတော့ ကြာဇံထုတ်လုပ်ရာတွင် အသုံးများသောကြောင့် ကြာဇံစက်များမှ ဝယ်လိုအားရှိနေကြောင်း သိရှိရပါသည်။

          စျေးကွက်ထဲတွင် ကုလားပဲ(HL)နှင့် ကုလားပဲ(မြကြေး) (၁)အိတ်လျှင် (၅၀၀၀၀) ကျပ် မှ (၇၀၀၀၀) ကျပ်စျေးရှိပြီး တစ်ရက်လျှင်အိတ် (၅၀၀) မှ (၇၀၀) ကြား၊ ပဲကြီး (၁) အိတ်လျှင် (၇၀၀၀၀)ကျပ်မှ (၈၀၀၀၀)ကျပ်စျေးရှိပြီး တစ်ရက်လျှင်အိတ် (၂၀၀) မှ (၃၀၀) ကြား၊   ဘိုကိတ်ပြာ (၁) အိတ်လျှင် (၄၆၀၀၀) ကျပ်စျေးရရှိနေပြီး တစ်ရက်လျှင် အိတ်(၁၅၀)အထိ ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်နှစ် ယခုအချိန်တွင် ကုလားပဲ(HL)နှင့် ကုလားပဲ(မြကြေး) (၁) အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ပဲကြီး (၁)အိတ်လျှင် (၅၀၀၀၀)ကျပ်မှ (၅၅၀၀၀)ကျပ်အတွင်းနှင့် ဘိုကိတ်ပြာ (၁)အိတ်လျှင် (၄၀၀၀၀)ကျပ်မှ (၅၀၀၀၀)ကျပ်အတွင်းသာ စျေးရရှိခဲ့သည့်အတွက် ယခုနှစ်တွင် အသစ်ထွက်ပေါ်သည့် ပဲများအနေဖြင့်  စျေးကောင်းရရှိနေကြောင်း ကုန်သည်တစ်ဦးထံမှ သိရှိရပါသည်။

 

                                                                                                                                                                                       ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News