International News

တောင်ကိုရီးယားနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံဆက်ဆံရေးမြှင့်တင်လျက်ရှိ

Last Updated:

     တောင်ကိုရီးယားနိုင်ငံ၏ အထူးသံတမန်ဖြစ်သူ Jang Sung Min က ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်လာနိုင်ချေများစွာရှိပြီး “အနာဂတ်မဟာဗျူဟာ”အတွက် နောက်ထပ် ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့တက်လှမ်းရန် နှစ်နိုင်ငံပူးပေါင်း‌ဆောင်ရွက်မှုကို ကမ်းလှမ်းခဲ့ကြောင်း ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။ 

     တောင်ကိုရီးယားနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပိုမိုခိုင်မာသော မိတ်ဖက်နိုင်ငံတစ်ခု ဖြစ်လာနိုင်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုကျယ်ပြန့် နက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်လိုသည်များ များစွာရှိသေးကြောင်း Jang Sung Min က ဒါကာမြို့ရှိ ဟိုတယ် တစ်ခုတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များအား ပြောကြားခဲ့ပါသည်။

     နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် တောင်ကိုရီးယားသမ္မတ၏ အထူးကိုယ်စားလှယ်က အလေးပေး ပြောကြားခဲ့ပြီး လာမည့်နှစ်ပေါင်း ၅၀ အတွင်း နှစ်နိုင်ငံအကြား ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများကို ၎င်း၏ယခုခရီးစဥ်ဖြင့်  စတင်ခဲ့သည် ဟုလည်း ပြောကြားခဲ့သည်။

     ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ရှိ ကိုရီးယားပို့ကုန်စီမံဆောင်ရွက်ရေးဇုန် (Korean EPZ) နှင့်ပတ်သက်သည့် မေးခွန်းကိုဖြေကြားရာတွင် အဖြေတစ်ခုရရှိရန်   နှစ်နိုင်ငံလုံးက ဆွေးနွေးနေကြသည်ဟုဆိုခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်    မကြာသေးမီနှစ်များအတွင်း တဟုန်ထိုး စီးပွားရေး တိုးတက်မှုများရှိခဲ့ပြီး နိုင်ငံ၏တိုးတက်မှုနှုန်းသည် ကိုရီးယားနိုင်ငံထက် ပိုမိုမြန်ဆန် သည်ဟုပြောကြားခဲ့ပါသည်။

          ဆက်လက်ပြီး Jang Sung Min  က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ် Sheikh Hasina ၊ နိုင်ငံခြားရေးဝန်ကြီး Dr AK Abdul Momen တို့နှင့် တွေ့ဆုံခဲ့ပြီး လာမည့်နှစ် ၅၀ အတွင်း ပိုမိုလေးနက်သောပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်မည့် အနာဂတ်ပူးပေါင်း ဆောင်ရွက်မှု နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့ကြသည်။ ခရီးစဥ်တွင် တောင်ကိုရီးယား သမ္မတ၏ အထူးသံတမန် Jang Sung Min  ဦးဆောင်သောအဖွဲ့ဝင် (၈) ဦးပါကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာရောက်ခဲ့ပါသည်။

     ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Dr Momen နှင့် တွေ့ဆုံစဥ်တွင် ကိုရီးယားသမ္မတနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ် ၅၀ သံတမန်ဆက်ဆံ‌ရေးကို ဂုဏ်ယူပြီးလာမည့်နှစ် ၅၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုအရှိန်အဟုန်မြှင့်တင်သွားလိုကြောင်း အထူးသံတမန်က ပြောကြားခဲ့ပါသည်။

     နှစ်နိုင်ငံဆွေးနွေးမှုများတွင် ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်များ၊ ဆေးဝါးများ၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ၊ ရေနက်ငါးဖမ်း လုပ်ငန်းများနှင့် ရိုဟင်ဂျာအရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဝန်ကြီးချုပ်  Sheikh Hasina အစိုးရ၏ အံ့အားသင့်ဖွယ် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို တောင်ကိုရီးယားဘက်မှ အသိအမှတ်ပြုခဲ့ပါသည်။

https://www.dhakatribune.com/evening-brief/2023/02/14/evening-brief-190

https://www.commerce.gov.mm

 

Category: International News