Local News

မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ( MCIA) နှင့် ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ် နိုင်ငံတို့မှ ကုမ္ပဏီများနှင့် ပြောင်းဝယ်ယူ ရောင်းချခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်း အခမ်းအနားကျင်းပ

Last Updated:

နေပြည်တော်၊ ဒီဇင်ဘာလ ၁၂

မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း (MCIA)နှင့် ထိုင်းနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီများနှင့် ပြောင်းဝယ်ယူရောင်းချခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခြင်းအခမ်းအနားကို  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်၊ အင်္ဂါနေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် နေပြည်တော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာ နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်ပြီး ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ယခုလိုပုဂ္ဂလိကလုပ်ငန်းအချင်းချင်း B to B စနစ်ဖြင့် တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ မြန်မာ့ပြောင်းတင်ပို့နိုင်ရန်  မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းအနေဖြင့် ဦးဆောင်စုစည်းဆောင်ရွက်နိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူရပါကြောင်း၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများအနေဖြင့် ပြောင်းဝယ်လိုအားများကြောင်း၊ ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှုနှင့် ကုန်သွယ်မှုပမာဏ တိုးတက်လာမည်ဖြစ်ပါကြောင်း၊ အမှန်တကယ်အောင်မြင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျအကောင်အထည် ဖော်ကြရန်ဖြစ်ကြောင်း  ပြောကြားပါသည်။

မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ဥက္ကဋ္ဌ က ရှင်းလင်းတင်ပြရာတွင် မြန်မာနိုင်ငံတွင်ပြောင်းစိုက်ဧက(၂)သန်းကျော်ရှိပြီး တန်ချိန် (၃)သန်းကျော် ထွက်ရှိပါကြောင်း၊ ပြည်တွင်းသုံးစွဲမှုအနေဖြင့် တန်ချိန် (၁) သန်းခန့်ရှိပြီး နှစ်စဉ်ပြည်ပသို့ တန်ချိန်(၂)သန်းကျော်တင်ပို့လျက်ရှိပါကြောင်း၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ ယခုကဲ့သို့ ပြောင်းဝယ်ယူရောင်းချရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းအတွက် နိုင်ငံတော်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် ဝင်ငွေရှာဖွေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ပုံမှန်ဈေးကွက် ဖြစ်လာသလို ပွင့်လင်းမြင်သာမှုရှိလာပြီး လုပ်ငန်းရှင်များအတွက် နှစ်ဦးနှစ်ဘက် ကျေးဇူးရှိပါကြောင်း၊ နားလည်မှုစာချွန်လွှာကိုလည်း နှစ်ဘက်ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းများနှင့်  ပြည်ပကုမ္ပဏီ (၇) ခုတို့က ပြောင်းဝယ်ယူရောင်းချရန် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ကြပြီး တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။                                                                                

 

 

 

 

 

 

 

                                                                                                                                                                                           ပြည်တွင်းကုန်သွယ်မှုဌာနခွဲ

 

Category: Local News