International News

ရေနံကုမ္ပဏီ Saudi Aramco သည် သမိုင်းတွင်သည့် အမြတ်ငွေ ဒေါ်လာ ၁၆၁ ဘီလီယံရရှိ

Last Updated:

ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံကုမ္ပဏီ Saudi Aramco သည် သမိုင်းတွင်သည့် အမြတ်ငွေပမာဏ ကန်ဒေါ်လာ ၁၆၁ ဘီလီယံကို ယမန်နှစ်က ရရှိခဲ့သည်။ အမြတ်ငွေပမာဏသည် ၂၀၂၁ ထက် ၄၆.၅% မြင့်တက်ခဲ့သည်။ ကုမ္ပဏီက ၂၀၁၇ တွင် တစ်ရက်လျှင် စည်ပေါင်း ၁၃ သန်း ထုတ်လုပ်ရန် ရည်မှန်းထား ကြောင်း ပြောကြားသည်။

ရေနံမဟာလုပ်ငန်းကြီး Saudi Aramco တနင်္ဂနွေနေ့(မတ် ၁၂) တွင် ယမန်နှစ် ၂၀၂၂ ခုနှစ်တွင် အမြတ် ကန်ဒေါ်လာ ၁၆၁ ဘီလီယံရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာသည် အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ရပ်တည်သည့် Saudi Aramco ၏ သမိုင်းတစ်လျှောက် တစ်နှစ်တာအမြတ် အများဆုံး ရရှိပြီး စံချိန်သစ် တင်လိုက်ခြင်းဖြစ်သည်။

ယခင်က Saudi Arabian Oil Co. အမည်ဖြင့် လုပ်ကိုင်ခဲ့သော ရေနံမဟာလုပ်ငန်းကြီး Saudi Aramco သည် ရုရှားက ယူကရိန်းကျုးကျော်စစ်ကို ၂၀၂၂ ဖေဖော်ဝါရီလတွင် စတင်လိုက်ပြီးသည့် နောက်တွင် ရေနံဈေးနှုန်းများ မြင့်တက်ခြင်း၊ ရုရှားကို ဥရောပက ပိတ်ဆို့အရေးယူခြင်းကြောင့် ရုရှားရေနံနှင့် ရေနံထွက်ပစ္စည်းများ တင်သွင်းမှု တားမြစ်ထားခြင်းတို့ကြောင့် အမြတ်အစွန်းများ ယခင်နှစ်များထက် ပိုမို ရရှိခဲ့သည်။

တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် ကမ္ဘာ့ဈေးကွက်သို့ ပြန်လည်ဝင်ရောက်လာချိန်တွင် စျေးကွက်တွင် ရေနံဝယ်လိုအား မြင့်တက်မည်ကို အခွင့်ကောင်းယူရန် ၎င်း၏ထုတ်လုပ်မှုကို တိုးမြှင့်ဖို့ မျှော်မှန်းထားသည်။

ဆော်ဒီအာရေးဗီးယားကို ရေနံအပေါ်အားမကိုးသည့် နိုင်ငံအဖြစ်သို့  အရောက်လှမ်းနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဆော်ဒီအာရေးဗီးယားနိုင်ငံမှ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်၏ အစီအစဉ်များအတွက် ပေးဆောင်ရန် လိုအပ်သော ကန်ဒေါ်လာဘီလီယံနှင့်ချီသော ပမာဏကို Saudi Aramco ထံမှ ရရှိမည်ဖြစ်သည်။

            "ကြိုတင်သိမြင်နိုင်သော အနာဂတ်ကာလအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့သည် မရှိမဖြစ် လိုအပ်နေမည်ဟု ကျွန်ုပ်တို့ ကြိုတင်ခန့်မှန်းထားသဖြင့် ရေနံလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြုပ်နှံမှု နည်းပါးနေခြင်းကြောင့် စွမ်းအင်စျေးနှုန်းများကို မြင့်တက်စေခြင်း အပါအဝင် အရေးကိစ္စများ တကယ် ရှိနေပါသည်" ဟု Saudi Aramco အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Amin H. Nasser က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေနံဈေးကြီးမြင့်မှုကြောင့် ရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီများသည် အမြတ်အစွန်းများ စံချိန်တင် မြင့်တက်လာခဲ့သော်ငြားလည်း ယင်းအမြတ်အစွန်းအနည်းငယ်မျှကိုသာ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် ပြန်လည်ရင်းနှီးမြှုပ်နှံထားသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများသည် အနာဂတ် တွင်စွမ်းအင်အကူးအပြောင်း မလွဲမသွေဖြစ်လာမည်ကို  အသိအမှတ်ပြုထားသောကြောင့် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီအများအပြားသည်  သန့်ရှင်းသောစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ရှယ်ယာရှင် များကို "ရတုန်းယူထား" ဆိုသည့် သဘောဖြင့် အမြတ်ဝေစုများ ထုတ်ပေးခြင်းတို့ ပြုကြသည်။ ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းကို အနည်းအကျဉ်းသာ ပြုကြသည်။

            ရေနံနှင့်သဘာဝဓာတ်ငွေ့တွင် ရင်းနှီးမြုပ်နှံမှု နည်းပါးခြင်းသည် လောင်စာဆီ လိုအပ်ချက် မြင့်မားနေဆဲ ဖြစ်နေချိန်တွင် ဖူလုံမှုမရသည့်အဖြစ်ကို ကြုံရမည်ဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ မြင့်မားနေစေမည် ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာတစ်ဝှမ်းတွင် ကိုဗစ်လော့ဒေါင်း အပြင်းထန်ဆုံး ကျင့်သုံးခဲ့ကြသည့်နှစ် ဖြစ်သည်။ သွားလာမှုများ ပိတ်ပင်ထားပြီး လောင်စာဆီသုံးစွဲမှု နည်းပါးခဲ့သည်။ ရေနံဈေးနှုန်း ရေနံသမိုင်းတစ်လျှောက် မကြုံစဖူး ပထမဆုံးအကြိမ်အဖြစ် သုညအောက်သို့ ရောက်သွားခဲ့သည်။ အမေရိကန်ရေနံစိမ်း ဈေးနှုန်းသည်။ ၂၀၂၀ ဧပြီလ ၂၀ တွင် တစ်စည်လျှင် အနုတ် ကန်ဒေါ်လာ ၃၇.၆၃ ဖြစ်သွားခဲ့သည်။ ရေနံကုန်သည်များ လက်ထဲ ရောင်းမထွက်သည့် ရေနံစိမ်းများ သိုလှောင်စရာ နေရာ မကျန်အောင် ဖြစ်နေသဖြင့် ရှင်းထုတ်လိုသောကြောင့် ရေနံစိမ်း ဝယ်ယူသယ်ဆောင်သည့် ဝယ်လက် များကို တစ်စည်လျှင် ကန်ဒေါ်လာ ၃၇.၆၃ ကို ပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်။

ရေနံဈေးနှုန်းများ ဆိုးဆိုးဝါးဝါး ဈေးကျခဲ့သည့်  ၂၀၂၀ ပြည့်နှစ်တွင် Saudi Aramco သည်  အမြတ် ကန်ဒေါ်လာ ၄၉ ဘီလီယံ ရရှိခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အမြတ်ကန်ဒေါ်လာ ၁၁၀ ဘီလီယံ ရရှိခဲ့သည်။

Aramco သည်  ရေနံစိမ်းထုတ်လုပ်မှုကို ၂၀၂၂ ခုနှစ်တွင် တစ်ရက်လျှင် စည် ၁၁.၅ သန်းဝန်းကျင် တွင် ထိန်းထားခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် တစ်ရက်လျှင် စည်ပေါင်း ၁၃ သန်းအထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း ပြောကြားခဲ့သည်။ ထိုသို့တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် Aramco သည် ယခုနှစ် တွင် အရင်းအနှီး ကန်ဒေါ်လာ ၅၅ ဘီလီယံအထိ သုံးစွဲရန် အစီအစဉ် ရေးဆွဲထားသည်။

Aramco သည်  ၂၀၂၂ ခုနှစ် စတုတ္ထသုံးလပတ်အတွက် အမြတ်ငွေ ကန်ဒေါ်လာ ၁၉.၅ ဘီလီယံကို ယခုနှစ် ပထမသုံးလပတ်တွင် ရှယ်ယာရှင်တို့အား အမြတ်ဝေစု ခွဲဝေပေးမည်ဟု ကြေညာခဲ့သည်။ Brent ရေနံစိမ်းသည် ယခုအခါ တစ်စည်လျှင် ၈၂ ကန်ဒေါ်လာဖြင့် အရောင်းအဝယ် ဖြစ်နေသည်။ ၂၀၂၂ ဇွန်လတွင် တစ်စည်လျှင် ကန်ဒေါ်လာ ၁၂၀ ကျော်သွားခဲ့သဖြင့် Aramco သည် ၂၀၂၂ တတိယသုံးလပတ် တွင် စံချိန်တင်အမြတ် ကန်ဒေါ်လာ ၄၂.၄ ဘီလီယံ ရရှိကြောင်း ကြေညာခဲ့သည်။ 

ဆော်ဒီအာရေဗျ၏ ကြီးမားကျယ်ပြန့်သော ရေနံအရင်းအမြစ်များသည် သဲကန္တာရေမြေမျက်နှာ ပြင်နှင့် နီးကပ်စွာတည်ရှိသောကြောင့်  ရေနံစိမ်းထုတ်လုပ်ရန် ကမ္ဘာ့စျေးအသက်သာဆုံး ရေနံသိုက်များ ဖြစ်နေစေသည်။ 

            ရေနံတစ်စည် စျေးနှုန်း ၁၀ ကန်ဒေါ်လာ ဈေးတက်လာတိုင်း ဆော်ဒီအာရေးဗီးယားသည် တစ်နှစ်လျှင် ကန်ဒေါ်လာ ၄၀ ဘီလီယံအထိ ပိုမိုရရှိနိုင်သည်ဟု  နိုင်ငံတကာဘဏ္ဍာရေး သိပ္ပံ Institute of International Finance က ပြောကြားသည်။ Aramco ရှယ်ယာပေါက်ဈေးသည် ယမန်နှစ်က ကန်ဒေါ်လာ ၁၁.၅၅ ရှိခဲ့ရာမှ ယခု ကန်ဒေါ်လာ ၈.၇၄ သို့ ကျဆင်းနေသော်လည်း ရှယ်ယာအားလုံး၏ စုစုပေါင်းတန်ဖိုးသည် ကန်ဒေါ်လာ ၁.၉ ထရီလီယံ ရှိသဖြင့် ကမ္ဘာ့ဈေးကွက်တန်ဖိုး အကြီးဆုံး Apple Inc, ပြီးလျှင် Aramco သည် ဒုတိယနေရာတွင် ရှိနေသည်။

Saudi Aramco သည် အများနှင့် သက်ဆိုင်သောကုမ္ပဏီ အဖြစ်သို့  ၂၀၁၉ ခုနှစ်တွင် ပြောင်းလဲခဲ့ ပါသည်။ ရှယ်ယာအများစုကို ဆော်ဒီအစိုးရက ပိုင်ဆိုင်သည်။ Aramco သည် အချက်အလက် အပြည့်အစုံ ဖော်ပြထားသည့်  ဝင်ငွေအစီရင်ခံစာကို ထုတ်ပြန်မည်ဖြစ်သည်။

Source: https://www.industrialdirectory.com.mm/article/-saudi-aramco-profit-announced.html

 

Category: International News