Local News

၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလီယံရရှိရန် ရည်မှန်းထားသော်လည်း ၁၁ လကျော်အတွင်း ယင်းလျာထားချက်ထက် ဒေါ်လာ ၁၉၄၉ သန်းကျော် ပိုမိုရရှိထား

Last Updated:

    ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉ ဒသမ ၅ ဘီလီယံ ရရှိရန် ရည်မှန်းထားသော်လည်း ၁၁ လကျော်အတွင်း၌ပင် ယင်းလျာထားချက်ထက် ဒေါ်လာ ၁၉၄၉ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန် သည့်စာရင်းများအရ သိရသည်။

     ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ်လအထိကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု ပမာဏတွင် ပို့ကုန်ကဏ္ဍမှ ဒေါ်လာ ၁၅ ဒသမ ၅ဘီလီယံ (၁၅၅၀၀ သန်း)၊ သွင်း ကုန်ကဏ္ဍမှ ဒေါ်လာ ၁၄ဘီလီယံ(၁၄၀၀၀ သန်း)ဖြင့် စုစုပေါင်းကုန်သွယ်မှုဒေါ်လာ ၂၉ ဒသမ ၅ ဘီလီယံ(၂၉၅၀၀ သန်း)ရရှိရန် ရည်မှန်းထားကြောင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ အရ သိရသည်။

   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီမှ မတ် ၃ ရက်အထိ မြန်မာနိုင်ငံ၏ စုစုပေါင်း ကုန်သွယ်မှုပမာဏဒေါ်လာ ၃၁ ဒသမ ၄၄၉ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူက ဒေါ်လာ ၂၇  ဒသမ ၄၂၂ ဘီလီယံရှိသည်။ လက်ရှိ ဘဏ္ဍာနှစ် ၁၁  လကျော်တွင် ယခင်နှစ်ကာလတူထက် ပြည်ပကုန်သွယ်မှုဒေါ်လာ ၄ ဒသမ ၀၂၆ ဘီလီယံအထိ ပိုမိုဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

     အဆိုပါကာလအတွင်း ပြည်ပနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်ပမာဏဒေါ်လာ ၁၅ ဒသမ ၃၇၇ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၅၉၄ ဘီလီယံ ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့အတူ ပြည်ပနိုင်ငံများမှ တင်သွင်းသည့်သွင်းကုန်ပမာဏဒေါ်လာ ၁၆ ဒသမ ၀၇၁ ဘီလီယံရှိပြီး ယခင်နှစ်ကာတူထက် ဒေါ်လာ ၂ ဒသမ ၆၄၆ ဘီလီယံ ပိုမိုတင်သွင်းထားခြင်းဖြစ်သည်။

     မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်း များကို တင်ပို့လျက်ရှိသည်။ ပြည်ပနိုင်ငံများသို့ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊ CMP ကုန်ကြမ်း စသည်တို့ကို အဓိကတင်သွင်းနေခြင်းဖြစ်သည်။

     မြန်မာနိုင်ငံမှ ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင်အထည်ဖော်နေပြီး အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀- ၂၀၂၅ ၏အဓိက ဦးစားပေး ကဏ္ဍများ တွင်လယ်ယာထွက်ကုန် ပစ္စည်းအခြေခံစားသောက်ကုန်ထုတ်လုပ်ခြင်းကဏ္ဍ၊ အထည်အလိပ်နှင့်  အဝတ်အထည်ကဏ္ဍ၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းကဏ္ဍ၊ ရေထွက်ကုန်လုပ်ငန်းကဏ္ဍ၊ သစ်တောထွက်ပစ္စည်းကဏ္ဍ၊ ဒစ်ဂျစ်တယ်ထုတ်ကုန်များနှင့် ဝန်ဆောင်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ၊ အရည်အသွေးစီမံခန့်ခွဲမှုကဏ္ဍ၊ ကုန်သွယ်မှုသတင်းအချက်အလက် ဝန်ဆောင်မှုကဏ္ဍ၊ တီထွင် ဆန်းသစ်မှုနှင့်စွန့် ဦးတီထွင်ဆောင်ရွက်ခြင်းကဏ္ဍစသည်တို့ ပါဝင်ကြောင်း သိရသည်။

     ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု တွင်ပို့ကုန် ဒေါ်လာ ၁၄၉၂၇ ဒသမ ၀၆၅ သန်း(၁၄ ဒသမ ၉၂၇ ဘီလီယံ)၊ သွင်းကုန်ဒေါ်လာ ၁၄၆၅၈ ဒသမ ၀၈၄ သန်း (၁၄ ဒသမ ၆၅၈ ဘီလီယံ) ဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၂၉၅၈၅ ဒသမ ၁၄၉ သန်း (၂၉ ဒသမ ၅၈၅ ဘီလီယံ) ရရှိခဲ့သည်။

     ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၇၆၈၁ ဒသမ ၀၈၇ သန်း၊ သွင်းကုန် တန်ဖိုးဒေါ်လာ ၁၉၀၅၀ ဒသမ ၈၅၅ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၆၇၃၁ဒသမ ၉၄၂ သန်းရရှိခဲ့သည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပို့ကုန်ဒေါ်လာ၁၇၀၆၀ ဒသမ ၄၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၈၀၈၆ ဒသမ ၅၉၇ သန်းဖြင့် ကုန်သွယ်မှုပမာဏဒေါ်လာ ၃၅၁၄၇ ဒသမ ၀၁၂ သန်းရရှိခဲ့သည်။

Source: https://news-eleven.com

 

Category: Local News