Local News

မတ်ပဲနှင့်ပဲစင်းငုံနီ ဈေးဆက်တိုက်တက်နေ

Last Updated:

         ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တက်နေခဲ့တဲ့ မတ်ပဲနဲ့ ပဲစင်းငုံနီ ဈေးတွေဟာ ဒီတစ်ပတ်ထဲမှာလည်း ရပ်သွားခြင်းမရှိဘဲ ဆက်တိုက်ဆက်တက်နေတာ ဖြစ်ပါတယ်။ မတ် ၇ ရက်တုန်းက တစ်တန်ကို ကျပ် ၁၈၆၃၀၀၀ သာရှိခဲ့တဲ့ မတ်ပဲ FAQ/RC (၂.၂ မီလီမီတာ - ၃.၂၅ မီလီမီတာ ကြားဆိုဒ်) ဟာ ဆက်တိုက်ဈေးမြင့်တက်လာရာကနေ တစ်ပတ်ကျော်ကြာ ဒီနေ့ (မတ် ၁၅) ရက်မှာတော့ တစ်တန်ကို ကျပ် ၁၉၆၅၀၀၀ (တစ်တင်း ၆၃၁၈၀ ကျပ်ခန့်) ထိဖြစ်လာပါတယ်။ တစ်တန်ကို ကျပ် ၁ သိန်းကျော် ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

        အလားတူ မတ် ၇ ရက်တုန်းက တစ်တန်ကို ကျပ် ၂၀၈၃၀၀၀ သာရှိခဲ့တဲ့ မတ်ပဲ SQ/RC (၃.၂၅ မီလီမီတာအထက်ဆိုဒ်) ဟာလည်း ဒီနေ့ (မတ် ၁၅) ရက်မှာတော့ တစ်တန်ကို ကျပ် ၂၂၂၅၀၀၀ (တစ်တင်း ၇၁၅၄၀ ကျပ်ခန့်) ထိဖြစ်လာတာဖြစ်လို့ တစ်ပတ်ကျော်အတွင်း တစ်တန်ကို ကျပ် ၁၄၀၀၀၀ ကျော် ဈေးမြင့်လာတာပါ။ မတ်ပဲနည်းတူ ပဲစင်းငုံနီဈေးဟာလည်း ဆက်တိုက်မြင့်တက်နေတာဖြစ်ပါတယ်။ ဒီနေ့ (မတ် ၁၅)ရက်နေ့ ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာတော့ ပဲစင်းငုံနီ(အာစီ - ၂၀၂၃) ဈေးဟာ တစ်တန်ကို ၂၂၃၅၀၀၀ ကျပ် (တစ်တင်း ၇၁၈၆၀ ကျပ်ခန့်) ဈေးဖြစ်နေပါတယ်။ တစ်ပတ်အတွင်း တစ်တန်ကို ကျပ် ၄၅၀၀၀ ခန့် ဈေးမြင့်လာတာဖြစ်ပါတယ်။

       မတ်ပဲဈေးတွေ အခုလိုမြင့်တက်လာခြင်းဟာ အမြင့်ဈေးနဲ့ ဝယ်ယူထားတဲ့ ကြိုပွိုင့်သမားတွေက ‌ဈေးဆွဲ တင်နေတာတွေကြောင့် ဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက် သတင်းအချက်အလက် အဖွဲ့ (AMIA) က သုံးသပ်ပါတယ်။ ပဲစင်းငုံနီကတော့ လက်ကျန်မရှိတော့တာဖြစ်တဲ့အတွက် ဈေးက ရောင်းသူ စိတ်ကြိုက်အခြေအနေမှာ ရှိနေတယ်လို့ AMIA  က ဆိုပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲက အမြင့် ဈေးနဲ့ရှိနေတယ်လို့ သိရပြီး ပဲစင်းငုံနီဟာလည်း အိန္ဒိယဝယ်လိုအားရှိတယ်လို့ သိရပါတယ်။

Source: https://greenwaymyanmar.com

Category: Local News