ရွှေမန်း
ပြည်တွင်းစားသုံးမှု ဆန်ဈေးကွက် ယမန်နေ့ကစ၍ အနည်းငယ်လှုပ်လာပြီး တစ်အိတ်လျှင် ငွေကျပ် တစ်ထောင်ဝန်းကျင် ဈေးမြင့်လာသည်ဟု ဆန်ဈေးကွက်မှ သိရသည်။ ပြီးခဲ့သည့် မတ်လဆန်းမှစ၍ ဆန်ဈေးကွက် အကျဘက်သို့ ရောက်ရှိသွားခဲ့ရာက ယခုကဲ့သို့ ဈေးပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။
“ဖေဖော်ဝါရီ တတိယပတ်လောက်ထိ ဆန်ဈေးအမြင့်ပိုင်းမှာ ဝယ်ထားသူတချို့ ပွဲရုံတွေက ဈေးချမရောင်းနိုင်ဘူးဖြစ်နေတယ်။ တချို့ကလည်း လက်ရှိပေါက်ဈေးနဲ့ ရောင်းတာလည်း ရှိတာပေါ့။ ဆန်ကြမ်းရော ဆန်ချောရော နှစ်မျိုးလုံး ဈေးလှုပ်လာတာပါ”ဟု မန္တလေး ဆန်ပွဲရုံတစ်ခုထံမှ သိရသည်။ ဆန်ဈေးမြင့်တက်ခြင်းမှာ စပါးဈေးပေါ်အခြေခံပြီး စပါးထွက်ရှိမှု အခြေအနေပေါ်မူတည်ခြင်းကြောင့် နယ်စပ်မှပြည်ပဆန် တင်ပို့မှုတွင် ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်ဝင်ငွေအပေါ် ငွေလဲလှယ်မှုကို ၆၅-၃၅ မူဝါဒ ချမှတ်လိုက်ရာ မတ်လဆန်းပိုင်းတွင် ဆန်နှင့်စပါး အဝယ်နား သလောက်ဖြစ်ခဲ့ရာက ဆန်၊ စပါး ဈေးကျဆင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဆန်၊ ဆန်ကွဲ နယ်စပ်ကရောင်းရင် အရင်တုန်းကတော့ ပြင်ပပေါက်ဈေးနဲ့ လဲလို့ရတယ်။ ရေလမ်းကုန်သွယ်မှုလိုပဲ ပို့ကုန်ရငွေအပေါ် ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ်ပေါက်ဈေးနဲ့ ငွေလဲရမယ်ဆိုတော့ ဆန်တစ်ပိုင်းကို ငွေကျပ် တစ်သောင်းဝန်းကျင် နစ်နာခဲ့တယ်”ဟု တရုတ်သို့ ဆန် တင်ပို့သူတစ်ဦးက ပြောသည်။ လက်ရှိပြည်တွင်းဆန်ဈေး ကွက်တွင် ၂၄ပြည်တစ်အိတ် လျှင် ရွှေဘို မဂျမ်းအိုးဝင် ထူးထူးရှယ်မှာ ငွေကျပ် ၆၇ဝဝဝ ဝန်းကျင်၊ သုခဆန်မှာ ငွေကျပ် ၆၅ဝဝဝဝန်းကျင်၊ ပဒေသာအဟောင်း ငွေကျပ် ၇၇ဝဝဝ ပဒေသာ အသစ် ငွေကျပ် ၆၅ဝဝဝ ပေါက်ဈေးရှိပြီး စပါးဈေးမှာလည်း အတက်ဘက်သို့ ရောက်လာကြောင်း၊ မိုးစပါးဆန်ဟောင်းများမှာ လက်ကျန်မရှိသလောက် နည်းပါးသွားပြီဖြစ်၍ ဈေးကွက် ကျဆင်းခြင်းမရှိကြောင်း သိရသည်။
Source: မကွေးဂျာနယ်