International News

ခြောက်သွေ့ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်ကြောင့် အိန္ဒိယ၏ဝါဂွမ်းအထွက် ထိခိုက်ဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ၂ဝ၂၃-၂၄ ခုနှစ် (အောက်တိုဘာ-စက်တင်ဘာ) သီးနှံရာသီ၌ ဩဂုတ် - စက်တင်ဘာလများအတွင်း ကာလကြာရှည်စွာ ရာသီဥတုခြောက်သွေ့မှု ဖြစ်ပေါ်ခြင်းနှင့်အတူ ပန်း‌ရောင်ဝါသီးထိုးပိုး အန္တရာယ်ကြောင့် ဝါသီးနှံပင်များ ထိခိုက်ပျက်စီးခဲ့ရာ ဝါဂွမ်းအထွက်ပမာဏနှင့် အရည်အသွေးတို့ကို ထိခိုက်နိုင်ကြောင်း သိရှိရပါသည်။ မုတ်သုံဝင်ရောက်မှု နှောင့်‌နှေးခြင်းက ဝါသီးနှံစိုက်ပျိုးမှုကို ၁၅ ရက်မှ ၂ဝ ရက်အထိ နောက်ကျစေခဲ့ပြီး စိုက်ပျိုးဧရိယာသည်လည်း ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

၂ဝ၂၃ ခုနှစ် မေလမှ စက်တင်ဘာလအတွင်း လအလိုက် မိုးရွာသွန်းမှုနှင့် ခြောက်သွေ့မှုတို့မှာ တစ်လှည့်စီဖြစ်ပေါ်ခဲ့ကြောင်း၊ အောက်တိုဘာလအတွက်မူ သေချာစွာစောင့်ကြည့်သွား ရမည်ဖြစ်ကြောင်း၊ ဩဂုတ်လမှ စက်တင်ဘာလအတွင်း ၄၅ ရက်ကြာ ပူပြင်းခြောက်သွေ့မှု ဖြစ်ပေါ်ခဲ့သဖြင့် ဝါအထွက်နှုန်းလျော့နည်းခဲ့ကာ အရည်အသွေးကိုလည်း ထိခိုက်ခဲ့ကြောင်း အိန္ဒိယဝါဂွမ်းအသင်း၏ ဥက္ကဌဖြစ်သူ Atul Ganatra က ပြောကြားခဲ့ပါသည်။

ဝါဂွမ်းအသင်း၏ခန့်မှန်းချက်အရ ၂ဝ၂၂-၂၃ ခုနှစ်အတွက် စက်တင်ဘာလကုန်၌ စာရင်းပိတ် ဝါဂွမ်းကုန်လက်ကျန်မှာ အထုပ်ရေ ၂၇ သိန်းရှိမည်ဟု သိရှိရပါသည်။ Ganatra က ၂ဝ၂၃-၂၄ ခုနှစ် ဝါဂွမ်းသီးနှံ ကုန်သွယ်မှုအခြေအနေမှာ အောက်တိုဘာလ ကုန်ခန့်တွင် သိသာထင်ရှားလာ မည်ဖြစ်ကြောင်းနှင့် ဝါဂွမ်းကုန်ကြမ်း ရောင်းချမှုကိုမူ စောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Ganatra က လွန်ခဲ့သောရာသီကာလတွင် ဈေးကွက်အတွင်း ဝါဂွမ်းရောက်ရှိမှုနှောင့်နှေး ခဲ့ပြီး လယ်သမားများအနေဖြင့် နှစ်အလိုက်ပျှမ်းမျှဈေးနှုန်း ၁ ကွင်တယ် (၁၀၀ ကီလိုဂရမ်) လျှင် ရူပီး ၇၅ဝဝ နှုန်းဖြင့် ရောင်းချနိုင်ခဲ့ကြောင်း၊ ၎င်းနှုန်းထားသည် အစိုးရကသတ်မှတ်သည့် အခြေခံ ရည်ညွှန်းဈေးဖြစ်သော ချည်မျှင်ရှည်ဝါ ၁ ကွင်တယ်လျှင် ရူပီး ၆၃၈ဝ နှုန်းထက် ၂ဝ ရာခိုင်နှုန်း ပိုမို မြင့်မားနေကြောင်း၊ ယခုနှစ်တွင် အခြေခံရည်ညွှန်းဈေးမှာ ရူပီး ၇ဝ၂ဝ ဖြစ်သဖြင့် လယ်သမားများ အနေဖြင့် ယခင်နှစ်နည်းတူ ၂ဝ ရာခိုင်နှုန်း ပိုမိုရရှိရန်ရည်မှန်းထားပြီး ဈေးကွက်ကို စောင့်ကြည့် မည့် အခြေအနေရှိကြောင်း၊ နေ့စဉ်ဈေးကွက်သို့ဝင်ရောက်မှုမှာ ဝါသီးနှံအဟောင်းနှင့် အသစ် အပါအဝင် ဝါဂွမ်းထုပ်ရေ ၅ဝဝဝဝ မှ ၅၅ဝဝဝ အကြားရှိကြောင်း ပြောကြားခဲ့ပါသည်။

အမျိုးသားဝါဂွမ်းပွဲစားများအသင်း၏ ဒုတိယဥက္ကဌဖြစ်သူ Ramanuj Das Boob က ဝါဂွမ်းသီးနှံဟောင်း ကုန်ကြမ်းဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၇၂ဝဝ မှ ၇၃ဝဝ အကြားရှိပြီး ဝါဂွမ်းအသစ်၏ ကုန်ကြမ်းဈေးနှုန်းမှာ ၁ ကွင်တယ်လျှင် ရူပီး ၇ဝဝဝ ခန့်ရှိသဖြင့် ရည်ညွှန်းဈေး အနီးတစ်ဝိုက်တွင်ရှိကြောင်းနှင့် ဝါဂွမ်းစေ့ဈေးနှုန်းများ ကျဆင်းလာသဖြင့် ဝါဂွမ်းအသစ်များ အပေါ် ဖိအားများဖြစ်ပေါ်လျက်ရှိကြောင်း၊ ချည်မျှင်စက်ရုံများမှ ဝါဂွမ်းဝယ်ယူမှုမရှိသဖြင့် ဝယ်လိုအား နည်းပါးပြီး ဈေးကွက်မှာအလွန် အရောင်းအဝယ်အေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဝါဂွမ်းစိုက်ပျိုးသည့်ဒေသများဖြစ်သော ဟာရီယာနာနှင့် ရာဂျပ်စတန် မြောက်ပိုင်းတို့တွင် ပန်းရောင်ဝါသီးထိုးပိုး အများအပြားကျရောက်မှုကြောင့် ဝါဂွမ်းသီးနှံအထွက်ပမာဏနှင့် အရည်အသွေးအပေါ် ထိခိုက်ပြီး ခရိုင် ၆ ခုရှိ လုပ်ကွက်ငယ် ဝါဂွမ်းစိုက်ပျိုးသူ လယ်သမားများမှာ များစွာဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ပန်းရောင်ဝါသီးထိုးပိုးကျရောက်မှုကို ၂ဝ၂၁-၂၂ ခုနှစ်၌ ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရပြီး ၂ဝ၂၃ ခုနှစ် မိုးသီးနှံရာသီအတွင်း ပိုးမွှားအန္တရာယ် အမြင့်မားဆုံးဖြစ်ခဲ့ကြောင်း၊ ယခုနှစ် သီးနှံရာသီကာလတွင် ဝါသီးနှံများဆောလျင်စွာပန်းပွင့်ခဲ့မှုနှင့် ပန်းရောင်ဝါသီးထိုးပိုး၏ ဖျက်စီးမှုများကြောင့် ဝါဂွမ်းထွက်ရှိမှုအပေါ် ကြီးမားစွာထိခိုက်မှုတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 7 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm/my/node/14259

Category: International News