International News

အရောင်းအဝယ်နည်းပါးသဖြင့် အိန္ဒိယ၏ ကော်ဖီပို့ကုန်ကျဆင်း

Last Updated:

အိန္ဒိယနိုင်ငံ၌ လက်ရှိဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်ကာလအတွင်း ကော်ဖီစေ့များ အရောင်း အဝယ်နည်းပါးသဖြင့် ကော်ဖီတင်ပို့မှုပမာဏ အနည်းငယ်ကျဆင်းခဲ့သော်လည်း သင်္ဘောတင်ပို့မှု တန်ဖိုးများမှာ မြင့်တက်လာခဲ့ပါသည်။ ပို့ကုန်လုပ်ငန်းရှင်များက ယခုနှစ် ကျန်ရှိသောကာလများ အတွက် ‌ကော်ဖီသီးနှံ၏ အလားအလာမှာ အပြောင်းအလဲ မြန်ဆန်သော ရာသီဥတုကြောင့် သီးနှံ ထွက်ရှိမှုပမာဏအပေါ် မူတည်လျက်ရှိကြောင်း ပြောကြားခဲ့ကြပါသည်။

ကော်ဖီဘုတ်အဖွဲ့မှ ထုတ်ပြန်သော ကနဦးအချက်အလက်များအရ ယခုဘဏ္ဍာနှစ် ဧပြီလ မှ စက်တင်ဘာလအတွင်း ကော်ဖီတင်ပို့မှုမှာ တန်ချိန် ၁၉၂၅၉၆ တန်သာ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူ၌ တန်ချိန် ၂ဝ၉၈၁၈ တန် တင်ပို့နိုင်ခဲ့ခြင်းကြောင့် ၈ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းနှင့် တန်ဖိုးအားဖြင့်မူ အဆိုပါကာလများအတွင်း ကော်ဖီတင်ပို့မှုမှာ ဒေါ်လာ ၆ဝ၅ သန်း ရှိခဲ့သဖြင့် ယခင်နှစ်ကာလတူ တင်ပို့မှု တန်ဖိုး ဒေါ်လာ ၅၈၈ သန်းနှင့် နှိုင်းယှဉ်ပါက ၂.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။ ပထမနှစ်ဝက်ကာလအတွင်း ကော်ဖီတင်ပို့မှုသည် ရူပီးငွေတန်ဖိုးအားဖြင့် ၄၉၉၁ဝ သန်းရှိရာ အိန္ဒိယရူပီးငွေ၏ တန်ဖိုးကျဆင်းမှုအရ ယခင်နှစ်ကာလတူ တင်ပို့မှု တန်ဖိုး ရူပီး ၄၆ဝ၈ဝ သန်းအပေါ် ၈.၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

အိန္ဒိယကော်ဖီကို အများဆုံးဝယ်ယူလျက်ရှိသည့် ဥရောပသမဂ္ဂနိုင်ငံအချို့တွင် စီးပွားရေး အခြေအနေ အားလျော့လာခြင်းနှင့်အတူ ဝယ်ယူသူအချို့က အသင့်ဖျော်ကော်ဖီများကို ပြောင်းလဲ ရွေးချယ်ခဲ့လာကြခြင်းက ကော်ဖီစေ့တင်ပို့မှုအပေါ် အကျိုးသက်ရောက်ခဲ့သည်။ အိန္ဒိယ ကော်ဖီတင်ပို့သူများအသင်း၏ ဥက္ကဌဖြစ်သူ Ramesh Rajah က စိုက်ပျိုးထုတ်လုပ်သူများသည် ကော်ဖီများကို ဈေးကွက်အတွင်း ရောင်းချခြင်းမပြုကြပဲ တုံ့ဆိုင်းနေကြသဖြင့် အာရေးဘီကား ကော်ဖီ ရရှိရန် ခက်ခဲမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း ကော်ဖီဝယ်ယူရန် အမှာစာများရရှိမှု နည်းပါးလျက်ရှိကြောင်း၊ ဒုတိယနှစ်ဝက်တွင် အခြေအနေ ကောင်းမွန်မည်ဟု မျှော်လင့်ရသော်လည်း အဓိကအားဖြင့် ကော်ဖီသီးနှံထွက်ရှိမှု ပမာဏအပေါ်တွင် တည်မှီနေကြောင်း၊ ကော်ဖီအဝယ် အမှာစာအများစုကို အောက်တိုဘာ-နိုဝင်ဘာလများအတွင်း လက်ခံရလေ့ရှိပြီး  ယခုအချိန်မှာ အနည်းငယ်စောသေးကြောင်း၊ အာရေးဘီးကားအတွက် အမှာစာမရှိပဲ ရိုဘတ်စတာကော်ဖီ မှာယူမှု အနည်းငယ်မျှသာရှိကြောင်း ပြောကြားခဲ့ပါသည်။

မုတ်သုံရာသီကာလအတွင်း ကော်ဖီအဓိကစိုက်ပျိုးထုတ်လုပ်သည့် ကာနာတာကာဒေသ၌ အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့မှုကြောင့် ၂ဝ၂၃-၂၄ ခုနှစ် ကော်ဖီသီးနှံထုတ်လုပ်မှုအတွက် ရာသီဥတုအခြေအနေမှာ စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ဩဂုတ်လအတွင်းတွင်မူ ရာသီဥတုခြောက်သွေ့ခဲ့ပြီး ကော်ဖီစေ့ ဖွံ့ဖြိုးမှုအတွက် ဖိစီးမှုဖြစ်စေခဲ့ကြောင်း၊ ကော်ဖီ အဓိကစိုက်ပျိုးသည့်ဒေသများတွင် မုတ်သုံကာလအတွင်း မိုးရေချိန်မှာ ၅ဝ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ကြောင်းနှင့် အောက်တိုဘာ လ ၂၀ ရက်နောက်ပိုင်းမှ နိုဝင်ဘာလအတွင်း ကော်ဖီသီးနှံများ ပိုမိုကောင်းမွန်စွာရင့်မှည့်စေရန် အတွက် မိုးရွာသွန်းမှုမရှိရန်လိုအပ်ကြောင်းဖြင့် အိန္ဒိယကော်ဖီဘုတ်အဖွဲ့၏ အတွင်းရေးမှူးနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ KG Jagadeesha က ပြောကြားခဲ့ပါသည်။

အဆိုပါ ကော်ဖီအဖွဲ့အစည်း၏ ပြောဆိုချက်အရ ယခင်နှစ်အတွက် ကော်ဖီစေ့ ထုတ်လုပ်မှု နောက်ဆုံးခန့်မှန်းချက် တန်ချိန် ၃.၅၂ သိန်းထက်ပိုမိုလျက် ၂ဝ၂၃-၂၄ ခုနှစ်၌ ကော်ဖီသီးနှံ တန်ချိန် ၃.၇၄ သိန်း ထွက်ရှိနိုင်မည်ဟု ကနဦးခန့်မှန်းထားသော်လည်း အထွက်လျော့နည်းဖွယ်ရှိ ကြောင်း သိရှိရပါသည်။ Jagadeesha က ကော်ဖီဈေးနှုန်းများမှာ ခိုင်မာမည်ဟုခန့်မှန်းထားပြီး ယခုနှစ်အကုန်ပိုင်းတွင် ကော်ဖီသီးနှံများထွက်ရှိမည်ဆိုပါက ယခင်နှစ်တင်ပို့မှုထက် တန်ဖိုးအားဖြင့် ပိုမိုများပြားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံသည် နှစ်စဉ်ကော်ဖီတန်ချိန် ၃.၅ သိန်းကို ထုတ်လုပ်လျက်ရှိပြီး ထုတ်လုပ်မှု၏ သုံးပုံနှစ်ပုံကျော်ကို တင်ပို့လျက်ရှိကြောင်းနှင့် ၎င်းပမာဏ၏ ၅၇ ရာခိုင်နှုန်းခန့်သည် ဥရောပသမဂ္ဂသို့ တင်ပို့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Source: The Hindu Business Line, 6 Oct 2023 (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14258

Category: International News