International News

အင်ဒိုနီးရှားနိုင်ငံ၌ အယ်လ်နီညိုကြောင့် သီးနှံများထိခိုက်မှုကို အဆင့်သုံးဆင့်ဖြင့် ကာကွယ်မည်

Last Updated:

အင်ဒိုနီးရှားနိုင်ငံ၊ အမျိုးသားသုတေသနနှင့် တီထွင်ဆန်းသစ်မှုအေဂျင်စီ (BRIN) သည် အယ်လ်နီညိုဖြစ်စဉ်၏ ပူပြင်းခြောက်သွေ့မှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးနိုင်မည့် အန္တရာယ်ကို  အဆင့်သုံးဆင့်ဖြင့် ကျော်လွှားရန် လယ်သမားများအား ဖိတ်ခေါ်အသိပေးခဲ့ပါသည်။

BRIN အေဂျင်စီအဖွဲ့၏ စားနပ်ရိက္ခာသီးနှံသုတေသနဗဟိုဌာန၊ အကြီးအကဲ Yudhistira Nugraha ၏ ပြောကြားမှုအရ အဆိုပါအဆင့်သုံးဆင့်မှာ သီးနှံစိုက်ပျိုးမှု အခြေအနေပြ ပြက္ခဒိန်၏ အချက်အလက်စနစ်အား အများဆုံးအသုံးပြုခြင်း၊ ဆန်စပါး စိုက်ပျိုးမှုအစား ရင့်မှည့်မှု မြန်ဆန် သော သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းနှင့် ရေကိုအလေအလွင့်မဖြစ်စေဘဲ အသုံးပြုခြင်းတို့ ပါဝင်ကြောင်း၊ အဆိုပါအဆင့် ၃ ဆင့်ကို ထည့်သွင်းဆောင်ရွက်ခြင်းဖြင့် သီးနှံများဖြစ်ထွန်းမှု မရှိခြင်းကို အောင်မြင်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်းဖြင့် ၆-၁၀-၂၀၂၃ နေ့တွင် ပြောကြားခဲ့ ပါသည်။

ပထမအဆင့် သီးနှံစိုက်ပျိုးမှု အခြေအနေပြ ပြက္ခဒိန် သတင်းအချက်အလက်စနစ်သည် စိုက်ပျိုးရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်သည့် ကြိုတင်သတိပေးစနစ်ဖြစ်ကြောင်း၊ တောင်သူ များအား ၎င်းတို့၏မြေယာများ၌ စိုက်ပျိုးနိုင်သည့် အသင့်လျော်ဆုံးအချိန်များကို သတင်းအချက် အလက် ပြန်ကြားပေးနိုင်ရန် ရည်ရွယ်ကြောင်း၊ သို့သော် အင်ဒိုနီးရှားနိုင်ငံရှိ လယ်သမား အများ အပြားသည် မိရိုးဖလာစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြသောကြောင့် ယခုကဲ့သို့ ပံ့ပိုးပေးသည့် ပထမအဆင့် အစီအစဉ်ကို ပါဝင်ဆောင်ရွက်မှု နည်းပါးကြောင်း သိရှိရသည်။

ဒုတိယအဆင့်တွင် လယ်သမားများသည် ဆန်စပါးနှင့်နှိုင်းယှဉ်ပါက အချိန်တိုအတွင်း ရိတ်သိမ်းနိုင်မည့် အစားထိုးသီးနှံများဖြစ်သည့် ပဲတီစိမ်းနှင့် နှံစားပြောင်း ကဲ့သို့သော သီးနှံများကို ရွေးချယ် စိုက်ပျိုးရမည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်နှင့် စပ်လျဉ်း၍ တောင်သူများအနေဖြင့် မိမိတို့၏ ရေပမာဏကို ပိုမိုသတိပြု သိုလှောင်အသုံးပြုရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရန် သတ်မှတ်ထားသည့် အပင်များအတွက် လိုအပ်သောရေပမာဏအတိအကျကို အလေးထား အသုံးပြုရမည် ဖြစ်ကြောင်း၊ ကာလကြာရှည်မည့် ခြောက်သွေ့ရာသီတွင် ရေကို ထိန်းသိမ်းထားရန်မှာ အရေးကြီးသဖြင့် ဆည်မြောင်းစနစ်များကို ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်းဖြင့် Nugraha က အကြံပြုပြောကြားခဲ့သည်။

Source: Antara News, 7 Oct 2023  (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source:https://www.doca.gov.mm/my/node/14270

Category: International News