Local News

ပန်းတနော်မြို့နယ်၌ မွေးမြူရေး ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀ အထိဈေး ရရှိသဖြင့် မွေးမြူသူများ အဆင်ပြေ

Last Updated:

     ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၌  မွေးမြူရေးငါးတန် တစ်ပိဿာလျှင် ငွေကျပ်  ၇၅၀၀ အထိရရှိပြီး ယခင်လကထက်  ဈေးကောင်းရရှိ သောကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေလျက်ရှိကြောင်း   ပန်းတနော်မြို့နယ်   ငါးမွေးမြူရေး လုပ်ငန်းရှင်များအသင်း မွေးမြူရေးတာဝန်ခံ   ဒေါ်သန်းသန်းဆင့်၏ ပြောကြားချက်အရ သိရသည်။

     ပန်းတနော်မြို့နယ်၌   ဇန်နဝါရီလက မွေးမြူရေးငါးတန် တစ်ပိဿာလျှင် ငွေကျပ်  ၄၅၀၀  သာရရှိပြီး   ဖေဖော်ဝါရီလတွင် ငါးတန်တစ်ပိဿာလျှင် ငွေကျပ် ၇၅၀၀  အထိ ဈေးကောင်းရရှိနေသည်။

     “ပန်းတနော်မြို့နယ်က   မွေးမြူရေးငါးတန်တွေ ထွက်ရှိပါတယ်။ ဒုတိယအသုတ် ငါးတန်ကန်တွေဖော်တဲ့အချိန်မှာ   အချိန်ကိုက် ဈေးကောင်းရရှိ ပါတယ်။ အရင်လကထက်  တစ်ပိဿာကို  ငွေကျပ် ၃၀၀၀ ဈေးပိုရနေတဲ့အတွက် မွေးမြူရေးလုပ်ကိုင်သူတွေ    အဆင်ပြေကြပါတယ်။  ရန်ကုန် ဈေးကွက်ကနေ  အဝယ်လိုက်တာကြောင့်   ငါးတန်ဈေးကောင်းရရှိတာပါ။ ငါးတန်ကို  ပြည်ပဈေးကွက်ကို ပြန်လည်တင်ပို့ရောင်းချနေတာကြောင့် လည်း  ဈေးကောင်းရရှိနေတာပါ” ဟု ဒေါ်သန်းသန်းဆင့်က ပြောသည်။

     ပန်းတနော်မြို့နယ်၌ ငါးတန်မွေးမြူရေးကန်များမှ    မွေးမြူထွက်ရှိသည့်  ငါးတန်များနှင့် သဘာဝအတိုင်း ဖမ်းယူရရှိသည့် မြစ်ငါးတန်များကို  ရန်ကုန်ဈေးကွက်သို့    တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊  အဆိုပါ ငါးတန်များကို    ရန်ကုန်မြို့မှတစ်ဆင့်  စင်ကာပူနိုင်ငံနှင့်ထိုင်းနိုင်ငံတို့သို့ တင်ပို့ရောင်းချကြောင်း သိရသည်။     

https://myawady.net.mm

 

Category: Local News