International News

တောင်ကိုရီးယား Lotte အမည်အသစ်ဖြင့် ကမ္ဘာ့ဈေးကွက်ထဲ ချဲ့ထွင်မည်

Last Updated:

        တောင်ကိုရီးယားမှ Lotte Confectionery Co. သည် ကမ္ဘာလုံးဆိုင်ရာ ချဲ့ထွင်မှုများ တိုးတက် ဖြစ်ပေါ်စေမည့် လုပ်ငန်းမဟာဗျူဟာ အသစ်ကို ထင်ဟပ်စေရန် အမည်အသစ် "Lotte Wellfood " ဖြင့် လုပ်ကိုင်သွားမည် ဖြစ်သည်။ သက်တမ်း ၅၆ နှစ် ရှိပြီဖြစ်သည့် Lotte Confectionery Co. သည်  Lotte Group ကုမ္ပဏီစုကြီး၏ လုပ်ငန်းတစ်ခု ဖြစ်သည်။  အမည်အသစ် "Lotte Wellfood " ကို ဧပြီလ ၁ ရက်တွင် စတင်သက်ရောက်မည်။ 

     ကုမ္ပဏီ ရှယ်ယာရှင်များကလည်း အမည်အသစ်ဖြင့် လှုပ်ရှားလုပ်ကိုင်မည့် အစီအစဉ်ကို သဘောတူကြသည်။  လက်ရှိတွင် ကမ္ဘာ့ဈေးကွက်ထဲ လုပ်ကိုင်မှုအချိုးအစားသည် ၂၀% ရှိသည် ကို ၅၀% သို့ ရောက်အောင် တိုးချဲ့လုပ်ကိုင်သွားမည် ဖြစ်သည်။ ယမန်နှစ်က Lotte Confectionery က မိခင်တူ လုပ်ငန်းခွဲ Lotte Food နှင့် ပေါင်းစည်းခဲ့သည်? Lotte Food သည် Lotte Group လက်အောက်မှ နို့ထွက်ပစ္စည်းများနှင့် စားသောက်ကုန်တို့ကို လုပ်ကိုင်သည်။ 

      တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ရုံးချုပ်ထားရှိသည့် Lotte Confectionery က အိန္ဒိယတွင် Havnor ရေခဲမုန့်စက်ရုံတစ်ရုံ ထူထောင်မည်ဟု ကြေညာခဲ့သည်။ Pune တွင် တည်ရှိသည့် ၎င်းစက်ရုံသည် အိန္ဒိယတွင်  Lotte Confectionery ၏ တတိယမြောက် စက်ရုံ ဖြစ်သည်။ Lotte Confectionery  သည် Xylitol အမှတ်တံဆိပ် chewing gum  ကိုလည်း လုပ်ကိုင်သည်။ သကြားလုံး အမျိုးမျိုး၊ ချောကလက် အမျိုးမျိုး၊ သွားရည်စာ အမျိုးမျိုးတို့ကို်လည်း လုပ်ကိုင်သည်။ ဘယ်လ်ဂျီယံမှ ချောကလက်လုပ်ငန်း Guylian, ကို ၂၀၀၈ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ 

      ကုမ္ပဏီသည် အာရှနှင့် ဥရောပရှိ ဈေးကွက်များတွင် ပုရစ်မှုန့်များ၊ ပုရစ်ပရိုတင်းအတုံးများနှင့် ကွတ်ကီးများကို ရောင်းချရန်အတွက် ကနေဒါအခြေစိုက် ပုရစ်လုပ်ငန်း  Aspire Food Group နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ Lotte Confectionery သည် ဘယ်လ်ဂျီယံ၊ တရုတ်၊ ရုရှား၊ စင်ကာပူ၊ မြန်မာ၊ ပါကစ္စတန်နှင့် ကာဇက်စတန် နိုင်ငံများတွင် စက်ရုံများ ထားရှိသည်။

     ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီတွင်  Lotte Confectionery သည်  ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံမှာ စတင်ခဲ့ပြီး စက်ရုံ  ၃ ရုံရှိသည့်  မုန့်ဖုတ်လုပ်ငန် L&M Mayson  တွင်  ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝမ် ၇၇ ဘီလီယံ (ကန်ဒေါ်လာ ၆၈.၉ သန်း) ဖြင့် ဝယ်ယူခဲ့သည်။  L&M Mayson ၏ လူသိအများဆုံး ထုတ်ကုန်မှာ Good Morning ပေါင်မုန့် ဖြစ်ပါသည်။ Lotte Confectionery သည် ၂၀၂၂ ခုနှစ်တွင် ရောင်းအားဝင်ငွေ ဝမ် ၃ ထရီလီယံ(ကန်ဒေါ်လာ ၂.၃၄ ဘီလီယံ) ကျော် ရရှိခဲ့ပြီးနှင့် လုပ်ငန်းလည်ပတ်အမြတ်ငွေ ဝမ် ၁၁၂ ဘီလီယံကျော် ရရှိခဲ့ပါသည်။ 

Source: https://www.industrialdirectory.com.m

Category: International News