Local News

ပို့ကုန်ရငွေများ လမကုန်ခင်ဝင်ရောက်ရန်ရှိသည့်အတွက် ဒေါ်လာဈေးပိုကျနိုင်သည်ဟုခန့်မှန်

Last Updated:
​     ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များမှ ရငွေများ လမကုန်ခင်ဝင်ရောက်ရန်ရှိသည့်အတွက် ဒေါ်လာဈေးပိုကျနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ဒေါက်တာစိုးထွန်းက ခန့်မှန်း ပြောကြားထားသည်။ “သူကတော့ ကောင်းတဲ့အခြေအနေပေါ့။ နှစ်တိုင်းနှစ်တိုင်းကလည်း ကျလေ့ရှိပါတယ်။ ဧပြီလဆိုကျတယ်။ ပြီးတော့ ဘတ်ဂျက်အပိတ်မှာလည်း ဒေါ်လာနဲ့ပတ်သက်ရင် မြန်မာပြည်ကို ပြန်လည်ဝင်ရောက်တဲ့ဟာ များတာပေါ့နော်။ဒီဘက်မှာလည်း ဗဟိုဘဏ်တို့ သက်ဆိုင်ရာ ကုန်စည် OSS တို့ကလည်း ဒီလမကုန်ခင်ငွေပြန်ဝင်ဖို့ဆိုပြီး Export ကုမ္ပဏီတွေကို စာတွေထုတ်ပြီး ပြောတာဆိုတာရှိတာပေါ့။ အဲဒါကြောင့် ငွေပြန်ဝင်တဲ့ဟာများနေတာပေါ့။ဒီရက်ပိုင်းက။ ဒီထက်လည်းကျနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
     ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ၁၇ ရက်အထိ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ ဘီလီယံရရှိထားပြီး လာမည့် ၃၁ ရက်နေ့တွင် ဘဏ္ဍာနှစ်ကုန်ဆုံးမည်ဖြစ်ကြောင်းလည်း သိရသည်။ ပို့ကုန်ဝင်​ငွေနှင့်ပတ်သက်၍ “သကြားကတော့ ကုမ္ပဏီတစ်ခုနှစ်ခုကပဲပို့တာဆိုတော့ သူကရှင်းရှင်းလင်းလင်းပဲ၊ဘာမှလက်ကျန်မရှိဘူး” ဟု မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်းက ဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။
     ယင်းအပြင် ဗဟိုဘဏ်မှလည်း ဘဏ္ဍာနှစ်ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် ဝင်ရောက်ရန်ကျန်ရှိနေသေးသည့် ပို့ကုန်ရငွေများနှင့် စပ်လျဉ်း၍ ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ ရရှိသည့်ပိုကုန်ဝင်ငွေကို သတ်မှတ်ရက်အတွင်း နိုင်ငံတွင်းရှိဘဏ်စာရင်းသို့ ဝင်ရောက်စေရန် ကြပ်မတ်ဆောင်ရွက် နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားထားသည်။
       မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၁၈-က၊ ပုဒ်မ ၃၈ (ခ)၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်း အပိုဒ် ၃၅ ၊ ၃၆၊ ၃၇ နှင့် အမိန့်ကြော်ငြာစာအမှတ် (၂၇/ ၂၀၂၁) တို့အရ ပို့ကုန်တင်ပို့သူများအနေဖြင့် အာရှနိုင်ငံများသို့ တင်ပို့သည့်ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ၄၅ ရက် အတွင်း၌လည်းကောင်း၊ အာရှနိုင်ငံများမှအပအခြားနိုင်ငံများသို့တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်တင်ပို့သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း၌လည်းကောင်း၊ ပို့ကုန်ရငွေများအား နိုင်ငံတော်အတွင်းရှိ ယင်း၏ဘဏ်ငွေစာရင်းသို့ ပြန်လည်ဝင်ရောက်ခြင်း ရှိ/မရှိကို ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကုန်မြန်ဆန်စေရေး ဗဟိုကော်မတီ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေး ရေးဦးစီးဌာန၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းအဖွဲတို့မှ ပူးပေါင်းစိစစ်ကြီးကြပ်နေကြောင်း သိရသည်။
Source: Popular News Journal
Category: Local News