Local News

ငရုတ်ကောင်းမြို့ဒေသထွက်မျှင်ငါးပိများ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချပြီး ဈေးကောင်းရရှိနေ

Last Updated:

      ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်း မြို့ ဒေသထွက် မျှင်ငါးပိများ ရန်ကုန်မြို့သို့ တင်ပို့ရောင်းချနေရပြီး တစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ အထိ ဈေးကောင်းရရှိနေခြင်းကြောင့် မျှင်ငါးပိထုတ်လုပ်ရောင်းချသူများ အဆင်ပြေကြောင်း ငရုတ်ကောင်းမြို့မှ ငါးပိ၊  ငါးခြောက်ရောင်းဝယ်ရေးပွဲရုံ လုပ်ငန်းရှင်  ဒေါ်မိုးသူဇာ၏ ပြောပြချက်အရ သိရသည်။

     အဆိုပါဒေသထွက် မျှင်ငါးပိများကို နွေကာလနှင့် မျှင်ငါးပိမထွက်သည့် ဆောင်းကာလတွင် ဝယ်ယူသိုလှောင်ထားလေ့ရှိကြရာ ယခု နွေကာလတွင် မျှင်ငါးပိအထွက်နည်းသောကြောင့် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလက မျှင်ငါးပိတစ်ပိဿာလျှင် ငွေကျပ် ၆၅၀၀ အထိသာဈေးရှိ ခဲ့ပြီး ယခုလအတွင်း မျှင်ငါးပိတစ်ပိဿာလျှင် ငွေကျပ် ၉၅၀၀ အထိ ဈေးကောင်းရရှိနေကြောင်း သိရသည်။

     “လက်ရှိ မျှင်ငါးပိတွေဈေးကောင်းလာသလို အဝယ်လည်း လိုက်နေပါတယ်။ မနှစ်ကထက် ဈေးကောင်းရနေပါတယ်။ အခုလို ဈေးကောင်းရနေ တာလည်း မျှင်ငါးပိသိုလှောင်သူတွေနဲ့ စားသုံးသူတွေ ဝယ်ယူလာတာကြောင့်ပါ။ လက်ရှိမျှင်ငါးပိ ဈေးကောင်းရရှိလာတော့ ငါးပိထုတ်လုပ် သူတွေရော လုပ်သားတွေပါ အဆင်ပြေလာပါတယ်။ ဒေသထွက်မျှင်ငါးပိတွေက သန့်ရှင်းလတ်ဆတ်တယ်။ လက်ရှိမှာ ဒေသထွက်မျှင်ငါးပိတွေကို ပုသိမ်ကနေ တစ်ဆင့် ရန်ကုန်မြို့ကို အများဆုံးတင်ပို့ရောင်းချ နေပါတယ်” ဟု ဒေါ်မိုးသူဇာက ပြောသည်။

    ငရုတ်ကောင်းမြို့၌ ယခုနှစ် မျှင်ငါးပိ ထုတ်လုပ်ရာတွင် အဓိကအသုံးပြုရသည့် ကုန်ကြမ်းဖြစ်သော မျှင်ကောင်များ ယခင်နှစ်ကထက် ဖမ်းယူရရှိမှုနည်းနေကြောင်း၊ အဆိုပါ ဒေသထွက်မျှင်ငါးပိများကို တစ်ပိဿာထုပ်များ၊ တစ်ပိဿာဘူးများ၊ ငါးပိဿာထုပ်များ၊ ငါးပိဿာဘူးများဖြင့် စနစ်တကျထုပ်ပိုးပြီး   ပုသိမ်မြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Source: https://myawady.net.mm

Category: Local News