Local News

ဘင်္ဂလားဒေ့ရှ်ကုန်သွယ်မှုကော်ပိုရေးရှင်းမှ အစိုးရသတ်မှတ်စျေးနှုန်းဖြင့် ရောင်းချမည့် ကုန်စည်စာရင်းမှ မုန်ညင်းဆီထည့်သွင်း

Last Updated:

     ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်းမှ ဝင်ငွေနည်းမိသားစုဦးရေ ၁၀ သန်းအတွက် အစိုးရသတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမည့်မရှိမဖြစ်လိုအပ်သော ကုန်စည်စာရင်းတွင် မုန်ညင်းဆီ ထည့်သွင်းရန် စီစဉ်နေကြောင်း ဖေဖော်ဝါရီလ(၂၇) ရက်နေ့ထုတ် Dhaka Tribune တွင် ရေးသားထားသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် နှစ်စဉ်နိုင်ငံခြားသုံးငွေ 100 ဘီလီယံတာကာခန့် သက်သာသွားမည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်း ရေးသားထားသည်။

     ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတစ်ဝှမ်းလုံးသို့ အဓိကလိုအပ်သောပစ္စည်းများ ရောင်းချပေးလျက်ရှိသည့် ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ကော်ပိုရေးရှင်း(TCB)စာရင်းတွင် စားသုံးဆီပါဝင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနကမကြာသေးမီက တောင်းဆိုထားသည်။ စိုက်ပျိုးရေးဝန်ကြီးဌာနသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စားသုံးဆီ ထုတ်လုပ်မှုဖူလုံစေရန်နှင့် စားသုံးဆီတင်သွင်းမှုမှီခိုနေရခြင်းကို (၄၀)ရာခိုင်နှုန်းခန့် လျှော့ချနိုင်ရန် ရည်ရွယ်၍ သုံးနှစ်တာ (၂၀၂၂-၂၀၂၅ ဘဏ္ဍာနှစ်) လုပ်ငန်းစီမံချက်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်းလည်း ရေးသားထားသည်။

     ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ လက်ရှိဘဏ္ဍာရေးနှစ်တွင် စားသုံးဆီတန်ချိန် ၇၁၉,၀၀၀ ထုတ်လုပ်ရန် လျာထားခဲ့သော်လည်းတန်ချိန် ၈၁၁,၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့သဖြင့်ယခုနှစ် လျာထားချက်ထက် ကျော်လွန်ထုတ်လုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ လုပ်ငန်းစီမံချက်ကိုစနစ်တကျ အကောင်အထည်ဖော်ရန်နှင့် ထွက်ရှိသော မုန်ညင်းများအတွက် သင့်တင့်မျှတသောဈေးနှုန်းများရရှိစေရန် အစိုးရကလုပ်ဆောင်နိုင်မည်ဟု စိုက်ပျိုးရေးဝန်ကြီးဌာနက မျှော်လင့်ထားသည်ဟုလည်း ရေးသားထားသည်။

     TCB စာရင်းတွင် မုန်ညင်းဆီပါဝင်လာပါက မုန်ညှင်းစိုက်တောင်သူများ မျှတသောစျေးနှုန်းရရှိစေရန် အထောက်အကူဖြစ်စေမည်ဟု ၎င်းဌာနကပြောကြားထားသည်ကိုလည်း ရေးသား ထားသည်။ လက်ရှိတွင် TCB သည် နိုင်ငံ၏ နေရာအနှံ့အပြားတွင် ပဲပုပ်ဆီ၊ သကြားနှင့် ပဲအမျိုးမျိုး စသည့်မရှိမဖြစ်လိုအပ်သောကုန်ပစ္စည်းအချို့ကို ၎င်း၏ အရောင်းကိုယ်စားလှယ်များမှ တစ်ဆင့် မြို့တော်ကော်ပိုရေးရှင်းများ၊ ခရိုင်နှင့်အုပ်ချုပ်ရေးအဖွဲ့များ ပေါင်းစည်းထားသည့်နေရာများတွင် ရောင်းချလျက်ရှိကြောင်းရေးသားထားသည်။

https://www.dhakatribune.com/commerce

https://commerce.gov.mm

Category: Local News