International News

ဂျပန်နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှုကို လျော့ပါးသက်သာစေရန်အတွက် ယန်း ၂ ထရီလီယံ သုံးစွဲသွားမည်

Last Updated:

       ဂျပန်နိုင်ငံအနေဖြင့် ငွေကြေးဖောင်းပွမှုကို ထိန်းညှိနိုင်ရန်အတွက် ယန်း၂ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၅.၁ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်ကြောင်း Japan set to spend #2 trillion on inflation aid ခေါင်းစည်ဖြင့် ၂၃-၃-၂၀၂၃ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် ဖော်ပြပါသည်။

      အဆိုပါ သတင်းတွင် ဧပြီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုကို လျော့ပါးသက်သာစေရန်အတွက် အစိုးရအနေဖြင့် ယန်း ၂ ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၅.၁ ဘီလီယံ) ထပ်မံသုံးစွဲသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

      အဆိုပါ ယန်း ၂ ထရီလီယံကျော်ကို မတ်လတွင် ကုန််ဆုံးမည့် ယခုနှစ်ဘတ်ဂျက်တွင်ထည့်သွင်းလျာထားပြီးဖြစ်သည့် သီးသန့်ရန်ပုံငွေမှ သုံးစွဲသွားမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီး shigeyuki Goto က မတ်လ ၂၂ ရက်နေ့တွင် ပြောကြားထားပါသည်။ အဆိုပါ ငွေကိုဝင်ငွေနည်းအိမ်ထောင်စုများ၊ ၎င်းတို့၏ သားသမီးများနှင့် ရေနံဓာတ်ငွေ့ရည် (LPG) အသုံးပြုသည့် အိမ်ထောင်စုများကို အဓိကထား ပံ့ပိုးသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

      နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံး ဖြစ်ပေါ်နေမှုကြောင့် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဖူမီအို ခီရှိဒ၏ လက်ရှိအာဏာရပါတီအပေါ် မဲပေးထောက်ခံမှုလျော့နည်းသွားခြင်း မရှိစေရန် ယခုကဲ့သို့ အစိုးရအနေဖြင့် ပံ့ပိုးဆောင်ရွက်ရခြင်း ဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုများနှင့် ဂျပန်ဗဟိုဘဏ်၏မူဝါဒများမှာ ရေရည်အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်ရာတွင် အကန့်အသတ်ရှိကြောင်း စီးပွားရေးပညာရှင်များက ပြောကြားထားပါသည်။

     ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုအသစ်များမှာ ကာလတိုဖြစ်သည့် ၁ နှစ်အတွင်းသာ သက်ရောက်နိုင်သည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် အစိုးရ၏ထိန်းညှိဆောင်ရွက်မှုများကို ထည့်သွင်းသုံးသပ်နိုင်မည် မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် ငွေကြေးဆိုင်ရာ မူဝါဒချမှတ်ခြင်းထက် လာမည့်ရွေးကောက်ပွဲတွင် ထောက်ခံမှုများ ရရှိရေးအတွက်သာ ယခုကဲ့သို့ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဂျပန်ဗဟိုဘဏ် ဘုတ်အဖွဲ့ဝင်ဟောင်းနှင့် Noruma Institute မှ စီးပွားရေးပညာရှင် Takahide Kiuchi က ပြောကြားထားပါသည်။

      လက်ရှိအာဏာရပါတီအနေဖြင့် လာမည့်လတွင် ဂျပန်နိုင်ငံတစ်ဝန်း၌ ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ပြီး၊ အချို့သော နေရာများတွင် ပါလီမန်အတွင်း လစ်လပ်နေရာများကို ဖြည့်စွက်ခန့်ထားရန်အတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပသွားမည် ဖြစ်ပါသည်။ ခီရိုဒအစိုးရကိုထောက်ခံသူများမှာ စံချိန်တင်လျော့နည်းကျဆင်းခဲ့ရာမှ ဂျပန်ဝန်ကြီးချုပ်အနေဖြင့် ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ယူကရိန်းကို ပံ့ပိုးပေးမည့်အစိုးရ၏ ခိုင်မာသည့် ရပ်တည်ချက်ကြောင့် မကြားသေးမိကပင် အစိုးရကိုထောက်ခံမှုများ ပြန်လည်မြင့်တက်ခဲ့ပါသည်။ သို့သော် ဂျပန်နိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုမြင့်တက်နေခြင်းကို လျော့ပါးသက်သာစေပြီး ပြည်သူများမှ အစိုးရအပေါ် ဆက်လက်ထောက်ခံမှုများ ရရှိရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များစွာ ကျန်ရှိနေဆဲဖြစ်သည်။

      စီးပွားရေးဝန်ကြီး Goto ကအစိုးရမှ သုံးစွဲသွားမည့် ယန်း ၂ ထရီလီယံကျော်အနက် ယန်း ၇၀၀ ဘီလီယံမှာ လောင်စာဆီဈေးနှုန်းမြင့်တက်မှုကို ကုစားနိုင်ရန်အတွက်ဖြစ်ပြီး၊ ယန်း ၅၀၀ ဘီလီယံမှာ ဝင်ငွေနည်း အိမ်ထောင်စုများကို ပံ့ပိုးသွားရန်ဖြစ်ကြောင်း ပြောကြားထားပါသည်။ ဂျပန်နိုင်ငံတွင် စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများ အဓိက မြင့်တက်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ဇန်နဝါရီလတွင် ၄.၂ ရာခိုင်နှုန်းဖြစ်ခဲ့ပြီး ၁၉၈၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပါသည်။ ငွေကြေးဖောင်းပွမှုနှုန်းကို ဖေဖော်ဝါရီလထုတ်ပြန်ချက်များတွင် ကျဆင်းနိုင်ကြောင်း ခန့်မှန်းထားပါသည်။ ယခင်အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကို လျော့ပါးသက်သာစေရန်အတွက် လျှပ်စစ်ဓာတ်အားခ နှုန်းထားများလျှော့ချပေးခြင်း၊ သဘာဝဓာတ်ငွေ့နှုန်းထားများ ထိန်းချုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သော်လည်း  ဂျပန်နိုင်ငံတွင် အများဆုံးအသုံးပြုသည့် ရေနံဓာတ်ငွေ့ရည် (LPG) နှင့်စပ်လျဉ်း၍ ပံ့ပိုးမှုများ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်းဖော်ပြထားပါသည်။

      Kiuchi က ငွေကြေးဖောင်းပွမှုအပေါ် အစိုးရ၏ ထိန်းညှိဆောင်ရွက်မှုအသစ်ကြောင့် လူသုံးကုန်ဈေးနှုန်းမှာ ၀.၃ ရာခိုင်နှုန်းကျဆင်းစေနိုင်မည်ဖြစ်ပြီး ပုံမှန်ဈေးနှုန်းအရ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး(GDP) မှာ ၀.၀၉ ရာခိုင်နှုန်း မြင့်တက်နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ငွေကြေးဖောင်းပွမှုအပေါ် ထိန်းညှိဆောင်ရွက်မှုများကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁.၂ ရာခိုင်နှုန်းလျော့နည်းနိုင်ကြောင့် အစိုးရအနေဖြင့် ခန့်မှန်းထားခဲ့ပါသည်။

      ဂျပန်ဗဟိုဘဏ်အနေဖြင့် လာမည့်ဧပြီလတွင် စတင်မည့်ဘဏ္ဍာနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းကို အစိုးရ၏ သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအောက်သို့ ရောက်ရှိရန်မျှော်မှန်းထားပါသည်။ ထိုသို့ ပြည့်မီစေရန်အတွက် အစိုးရအနေဖြင့် ငွေကြေးဆိုင်ရာ ပံ့ပိုးမှုများ ဆောင်ရွက်ခြင်းနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ အစိုးရ၏ မျှော်မှန်းငွေကြေးဖောင်းပွမှုနှုန်းသို့ ရောက်ရှိစေရန်အတွက် ဝန်ထမ်းများ၏ လစာငွေများကို ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အညီ တိုးမြှင့်ပေးရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်ဗဟိုဘဏ်အတွက် ဘဏ်အကြပ်အတည်းပြဿနာမှာ ငွေကြေးဖောင်းပွမှုနှုန်းထက် ပိုမိုကြီးမားသည့် သက်ရောက်မှုဖြစ်ကြောင်း Sillicon Valley Bank နှင့် Credit Suisse တို့၏ ပြိုလဲမှုဖြစ်စဉ်များကို ကိုးကား၍ Kiuchi က ပြောကြားထားပါသည်။

Wine Wine Swe

Category: International News