International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ကုန်သွယ်မှုဖြင့် မည်သို့မြှင့်တင်ဆောင် ရွက်နိုင်ကြောင်း အကောင်းဆုံးသက်သေပြလျက်ရှိသည်ဟု WTO ၏ စီးပွားရေးပညာရှင်မှ ပြောကြား

Last Updated:

ကမ္ဘာ့ကုန်သွယ်မှုတွင် အဓိကကျသည့် မောင်းနှင်အားအဖြစ် ဥပမာပေးနိုင်သည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှုတွင် အောင်မြင်စေမည့် နည်းလမ်းများ ဆက်တိုက် ချမှတ်ဖော်ဆောင်ခြင်းဖြင့် တရုတ်အစိုးရသည် သန်းရာနှင့်ချီသော ပြည်သူများကို ဆင်းရဲတွင်းမှ ဖယ်ရှားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်းရှိ ဖွံ့ဖြိုးဆဲနိုင်ငံများအား နိုင်ငံတကာကုန်သွယ်မှုကို ထိရောက်စွာ အသုံးချခြင်းဖြင့် ဆင်းရဲမွဲတေမှုသံသရာမှ လွတ် မြောက်ကာ ကုန်သွယ်မှုကိုဦးဆောင်သည့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံအဖြစ် အသွင်ပြောင်းနိုင်ကြောင်း ပြသခဲ့သည့် စံနမူနာတစ်ခု ဖြစ်သည်ဟု WTO ၏ စီးပွားရေးပညာရှင် Mr. Ralph Ossa မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

WTO ၏ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကုန်သွယ်မှု အစီရင်ခံစာ၌ ကုန်သွယ်မှုဖြင့် ၀င်ငွေကွာဟမှုကို ကျဉ်းမြောင်းစေကြောင်း၊ ကမ္ဘာ့စီးပွားရေးတွင် အားလုံးပါဝင်စေရေး မြှင့်တင်ဆောင်ရွက်ရာ၌ အရေးကြီး သည့် အခန်းကဏ္ဍမှပါဝင်ကြောင်း၊ ၁၉၉၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းရှိ GDP ၏ ကုန်သွယ်မှုဝေစုတွင် ဝင်ငွေနည်းသောနှင့် အလယ်အလတ် စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာတိုးတက်ခဲ့ပြီး တစ်ဦးချင်းစီ၏ GDP ကွာဟချက်ကို ကျဉ်းမြောင်းစေရန် ကူညီပေးခဲ့ကြောင်း ဖော်ပြထားသည်ဟု သိရှိရပါသည်။

ယခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် နှစ်ပတ်လည် ကုန်သွယ်မှု အလားအလာ အစီရင်ခံစာတွင် WTO မှ ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ်တွင် ၂.၆ ရာခိုင်နှုန်းနှင့် ၂၀၂၅ ခုနှစ်တွင် ၃.၃ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းခဲ့ကြောင်း၊ သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုသည်  လည်ပတ် ဆောင်ရွက်နိုင်မှုနှင့် ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း၊ အဓိကအား ဖြင့် မက်ခရိုစီးပွားရေးအခြေအနေအပေါ် ကုန်သွယ်မှုဆိုင်ရာ အကျိုးသက်ရောက်မှုကို ရည်ညွှန်းပြီး ကုန်သွယ်မှုပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတွင် အထူးသဖြင့် ဥရောပ၌ မျှော်လင့်ထားသည်ထက် နိမ့်ကျ လျက်ရှိခြင်း၊ ဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုများသည် ကုန်သွယ်ရေးဆိုင်ရာ ပဋိပက္ခများကို ဖန်တီးပေးသည့် ပထဝီဝင်နိုင်ငံရေး တင်းမာမှုများမှ အဓိကပေါ်ပေါက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အဆိုပါ စိန်ခေါ် မှုများကို ရင်ဆိုင်ဖြေရှင်းရာတွင် ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက် အားကောင်းစေရန်ဆောင်ရွက်ခြင်း သည် နိုင်ငံတကာ ကုန်သွယ်မှုတွင် အရေးပါကြောင်း၊ တရုတ်နိုင်ငံမှ ဆောင်ရွက်သည့် ကုန်သွယ်မှု ဆိုင်ရာ ပံ့ပိုးကူညီဆောင်ရွက်မှုများဖြစ်သည့် China International Import Expo နှင့် China International Supply Chain Expo တို့သည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုအတွက် အထောက်အကူ ပြုလျက်ရှိကြောင်း Mr. Ralph Ossa မှ ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကုန်သွယ်မှုဆိုင်ရာကာကွယ်ရေးဝါဒ မြင့်တက်လာခြင်းနှင့်ပတ်သက်၍ Mr. Ossa က ကုန်သွယ်မှု လျော့ချခြင်းသည် အားလုံးပါဝင်နိုင်မှုကို မြှင့်တင်နိုင်မည်မဟုတ်ကြောင်း၊ စစ်မှန်သော အားလုံးပါဝင် နိုင်မှုဆိုသည်မှာ ပြည့်စုံသည့် မဟာဗျူဟာချမှတ်နိုင်ရေးဖြစ်ကြောင်း၊ တစ်ဖက်တွင် ပွင့်လင်းမြင်သာ သည့် ကုန်သွယ်မှုပုံစံဆောင်ရွက်၍ တစ်ဖက်တွင် ပြည်တွင်းမူဝါဒဆိုင်ရာ ပံ့ပိုးကူညီမှုများဖြင့် ထိရောက် မှုရှိသော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ များသောအားဖြင့် အကောက်ခွန်များသည် အလုပ်သမားများကို ကာကွယ်မှုပေးရန် အကောင်းဆုံးကိရိယာမဟုတ်ဟု ယုံကြည်ပါကြောင်း၊ WTO အစီရင်ခံစာအရ အလုပ်သမားများအား အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ပြည်တွင်းမူဝါဒများချမှတ်၍ ကူညီပံ့ပိုးပေးခြင်းသည် ကာကွယ်မှုထက် ပိုမိုထိရောက်သောနည်းလမ်းဖြစ်သည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမှ စီးပွားရေးဆိုင်ရာအကျိုးအမြတ်များ ပိုမိုရရှိစေရေးအတွက် ကဏ္ဍသုံးရပ်ဖြင့် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ WTO ဆိုင်ရာ သဘောတူညီချက်များကို အကောင် အထည်ဖော်ရာတွင် ခိုင်မာအားကောင်းစေရေး၊ အနာဂတ်ကာလ ရေပန်းစားလာမည့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာနည်းလမ်း များနှင့် လိုက်လျောညီထွေဖြစ်စေရေးအတွက် WTO ဆိုင်ရာစည်းမျဉ်းများ ပြုပြင် မွမ်းမံရေးနှင့် သတင်းအချက်အလက်မျှဝေမှုအားကောင်းစေရေး ဆောင်ရွက်ရန်တို့ဖြစ်ကြောင်း၊ နိုင်ငံ အားလုံးမှ ကျယ်ပြန့်စွာ ပူးပေါင်းပါဝင်မှုဖြင့် ပွင့်လင်းမြင်သာသော၊ ကြိုတင်ခန့်မှန်းနိုင်သောနှင့် ခွဲခြားမှု မရှိသော ကုန်သွယ်မှုစနစ်တစ်ရပ်ပေါ်ထွက်လာစေရေးဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး လက်ရှိကမ္ဘာ့ စီးပွားရေးကို ခြိမ်းခြောက်နေသည့် ကွဲပြားခြားနားမှုများကို  တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ရန်၊ ကုန်သွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်၍ လက်ရှိတွင်ကြုံတွေ့နေရသည့် စီးပွားရေး၊ ပြည်သူ လူထုနှင့် အခြားကိစ္စရပ်များနှင့်စပ်လျဉ်းသည့် စိန်ခေါ်မှုများကို တစ်စိတ်တစ်ပိုင်း ဖြေရှင်းဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

Source: http://en.people.cn/n3/2024/0929/c90000-20225037.html

စီးပွားရေးသံမှူး

ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ       

 

 

Category: International News