International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လတ်ဆတ်သော သရက်သီးများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပေးခဲ့

Last Updated:

တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့သည် ပိုးမွှားကင်းရှင်းရေးဆိုင်ရာလိုအပ်ချက်များနှင့် ကိုက်ညီသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လတ်ဆတ်သော သရက်သီး များကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုဒ်၌ ဇူလိုင်လ (၂၆)ရက် နေ့တွင် ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သရက်သီး၊ ပိန္နဲသီးနှင့် အာလူးများကို တင်သွင်းရန် ရည်ရွယ်ထားကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများက ဧပြီလအစောပိုင်းကပင် ဖော်ပြခဲ့ကြကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သရက်သီးအဓိကထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး နှစ်စဉ်အထွက်နှုန်း မက်ထရစ်တန်ချိန် (၁)သန်းကျော်ရှိကြောင်း၊ သရက်သီးတင်ပို့သည့်ရာသီ သည် မေလမှ စက်တင်ဘာလအထိ ကြာမြင့်ပြီး အဓိကတင်ပို့သည့်နိုင်ငံများမှာ ဗြိတိန်၊ ဆော်ဒီအာရေဗျနှင့် အီတလီတို့ဖြစ်ကြောင်း၊ သို့သော်လည်း ထုတ်လုပ်မှုနှင့် တင်ပို့မှုတွင် ကန့်သတ်ချက်များရှိနေခြင်းသည် ဘင်္ဂလားဒေ့ရှ် သရက်သီးများ၏ ပို့ကုန်အလားအလာကို အပြည့်အဝ အကောင် အထည်ဖော်ရန် လိုအပ်ချက်များရှိနေသည်ကို ဖော်ပြလျက်ရှိကြောင်း သိရှိရပါသည်။

၂၀၁၅ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သရက်သီး မက်ထရစ်တန် (၈၀၀)ခန့်တင်ပို့ခဲ့ပြီး အဓိကအားဖြင့် ဥရောပဈေးကွက်သို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ သို့သော်လည်း ပြဿနာအချို့ ကြောင့် ပို့ကုန်ပမာဏသည် ၂၀၁၆ ခုနှစ်တွင် မက်ထရစ်တန် (၃၀၀)သို့ ကျဆင်းသွားခဲ့ကြောင်း၊ မကြာသေးမီနှစ်များအတွင်း အခြေအနေအနည်းငယ် တိုးတက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် မက်ထ ရစ်တန် (၁,၇၅၇)တင်ပို့နိုင်ခဲ့ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် မက်ထရစ် တန်ချိန် (၄,၀၀၀) တင်ပို့ရန် ရည်မှန်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့မည့် ဥယျာဉ်ခြံများ၊ ထုပ်ပိုးသည့်စက်ရုံများ၊ အအေးခန်း နှင့် အပူပေးစက်များကို ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာနက စစ်ဆေး၍ မှတ်ပုံတင်ရမည် ဖြစ်ပြီး GACC က အတည်ပြုမည်ဟု GACC ၏ ကြေညာချက်တွင် ဖော်ပြထားပါသည်။ စိုက်ပျိုး ရေးခြံများသည် ခြေရာခံနိုင်မှုစနစ်ကို ထူထောင်၍ ကောင်းမွန်သော စိုက်ပျိုးရေးအလေ့အကျင့် များနှင့် ပိုးမွှားစီမံခန့်ခွဲမှုနည်းပညာများကို လိုက်နာရမည်ဖြစ်ကြောင်း၊ ထုပ်ပိုးသည့်ပစ္စည်းများ သည် သန့်ရှင်းမှုဆိုင်ရာစံနှုန်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ပြီး ပိုးမွှားများကို တားဆီးကာကွယ်ရန် အစီအမံများကို အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ အင်းဆက်ပိုးမွှားများ၊ ပုပ်နေသော အသီးများ၊ အကိုင်းအခက်များ၊ အရွက်များ၊ အမြစ်များနှင့် မြေဆီလွှာများ မပါရှိစေရန်အတွက် တရုတ်နိုင်ငံသို့ တင်ပို့မည့်သရက်သီးများကို ထုပ်ပိုးမှုလုပ်ငန်းစဉ်အတွင်း ပိုးပါသော (သို့မဟုတ်) ပုံပျက်နေသော အသီးအနှံများကို ဖယ်ရှားခြင်း၊ ခွဲထုတ်ခြင်း၊ အဆင့်ခွဲခြင်းနှင့် လေမှုတ်ခြင်း အပါအဝင် လုပ်ငန်းစဉ်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့မည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သရက်သီးများတွင် the guava fruit fly (Bactrocera correcta)၊ peach fruit fly (Bactrocera zonata)၊ mango bud mite (Aceria mangiferae)၊ spiraling whitefly (Aleurodicus dispersus)၊ mango blossom gall midge (Procontarinia mangiferae)၊ mango fruit borer (Citripestis eutraphera)၊ mango pulp weevil (Sternochetus frigidus)၊ mango seed weevil (Sternochetus mangiferae)၊ သရက်သီး၌တွေ့ရသော mealybugs (၃)မျိုး (Drosicha mangiferae, Rastrococcus iceryoides and Rastrococcus invadens)၊ mango shield scale (Milviscutulus mangiferae)၊ coffee mealybug (Planococcus lilacinus)၊ passionvine mealybug (Planococcus minor) နှင့် pathogenic fungi (၂)မျိုး (Neofusicoccum mangiferae and Phomopsis mangiferae) အပါအဝင် ပိုးမွှားစုစုပေါင်း (၁၆)မျိုး ကင်းရှင်းရမည်ဟု တရုတ် နိုင်ငံက  သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။

သရက်ပင်များသည် အပင်ရောဂါအမျိုးမျိုးနှင့် အင်းဆက်ပိုးမွှားများ ကျရောက်နိုင်သော ကြောင့် သရက်သီးများကို တင်ပို့ခြင်းမပြုမီ ဘင်္ဂလားဒေ့ရှ်စိုက်ပျိုးရေးဝန်ကြီးဌာန (သို့မဟုတ်) သက်ဆိုင်ရာဝန်ထမ်း၏ ကြီးကြပ်လမ်းညွှန်မှုအောက်တွင် ရေနွေးငွေ့ပေးခြင်း (သို့မဟုတ်) ရေနွေးဖြင့်ဆေးကြောခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရေနွေးငွေ့ဖြင့် ပေါင်းခံရာတွင် အမြင့်ဆုံးအပူချိန် (၄၆.၅) ဒီဂရီစင်တီဂရိတ်တွင် စိုထိုင်းဆ (၉၅)ရာခိုင်နှုန်းဖြင့် (၁၀)မိနစ်အထိ ထားရှိရန် လိုအပ်ကြောင်း၊ ရေနွေးဖြင့် ဆေးကြောရာတွင် အသီးများကို အပူချိန် (၄၈)ဒီဂရီ စင်တီဂရိတ်တွင် (၁၅) မိနစ်ခန့် ရေအပြည့်မြုပ်ထားရန် လိုအပ်ကြောင်း သိရှိရပါသည်။

 

Source: https://www.producereport.com/article/fresh-bangladeshi-mangos-granted-china-market-access

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News