International News

တရုတ်နိုင်ငံတွင် ယခုနှစ်နွေရာသီတွင် ငှက်ပျောသီးဈေးများ မြင့်တက်လျက်ရှိ

Last Updated:

ပုံမှန်အားဖြင့် နဂါးလှေပွဲတော်အပြီး ဇွန်လမှစတင်၍ အခြားရာသီပေါ်အသီးအနှံများ ဝင်ရောက်မှုကြောင့် တရုတ်နိုင်ငံတွင် ငှက်ပျောသီးဈေးများ ကျဆင်းလေ့ရှိသော်လည်း ယခုနှစ် ဇွန်လတွင် ဟိုင်နန်မှလွဲ၍ ငှက်ပျောသီး အဓိကထွက်ရှိသော ကျန်ဒေသများတွင် မေလနှင့် နှိုင်းယှဉ်ပါက ငှက်ပျောခြံပေါက်ဈေးများမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ကွမ်ရှီးဒေသတွင် ငှက်ပျောသီးဈေးအမြင့်ဆုံးဖြစ်ခဲ့ပြီး ဇွန်လတွင် ပျမ်းမျှခြံပေါက်ဈေးမှာ တစ်ကီလိုဂရမ်လျှင် (၃.၅၅)ယွမ် (အမေရိကန်ဒေါ်လာ၀.၄၉) ရှိခဲ့ပြီး (၄၂.၇) ရာခိုင်နှုန်းမြင့်တက်ခဲ့ ကြောင်း၊ တစ်ချိန်တည်းတွင် ကွမ်တုန်းပြည်နယ်ရှိ ပျမ်းမျှခြံပေါက်ဈေးသည် တစ်ကီလိုလျှင် (၂.၈၀)ယွမ် (အမေရိကန်ဒေါ်လာ ၀.၃၉)ရှိပြီး ယခင်လကထက် (၃.၇)ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း၊ ယူနန်ပြည်နယ်တွင် ပျမ်းမျှဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၃.၁၆)ယွမ် (အမေရိကန် ဒေါ်လာ ၀.၄၄)ဖြစ်ပြီး (၁၇.၉)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ဖူကျန့်ပြည်နယ်တွင် ပျမ်းမျှ ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် (၁.၉၆)ယွမ် (အမေရိကန်ဒေါ်လာ ၀.၂၇) ဖြစ်ပြီး (၆.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့် ဟိုင်နန်တွင် ပျမ်းမျှဈေးနှုန်းသည် တစ်ကီလိုဂရမ် လျှင် (၃.၄၆)ယွမ် (အမေရိကန်ဒေါ်လာ ၀.၄၈)သို့ ကျဆင်းသွားပြီး မေလနှင့်နှိုင်းယှဉ်ပါက (၉.၃) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသရေးရာဝန်ကြီးဌာန၏ စျေးကွက်နှင့်သတင်းအချက် အလက်ဌာနမှ အချက်အလက်များအရ စားသုံးသူဈေးကွက်တွင် ဇွန်လ၌ တစ်နိုင်ငံလုံး နေ့စဉ်ငှက်ပျော သီး ပျမ်းမျှလက်ကားဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် (၅.၅၇)ယွမ် (အမေရိကန်ဒေါ်လာ ၀.၇၇) မှ တစ်ကီလိုဂရမ်လျှင် (၅.၇၁)ယွမ် (အမေရိကန်ဒေါ်လာ ၀.၇၉) အထိရှိကြောင်း၊ အမြင့်ဆုံးဈေးနှုန်းမှာ ဇွန်လ (၂၈) ရက်နေ့တွင် တစ်ကီလိုဂရမ်လျှင် (၅.၇၄)ယွမ် (အမေရိကန် ဒေါ်လာ ၀.၇၉)ရှိခဲ့ပြီး ယခင်လ၏ အမြင့်ဆုံးဈေးနှုန်းထက် တစ်ကီလိုဂရမ်လျှင် (၀.၁၇)ယွမ် (အမေရိကန်ဒေါ်လာ ၀.၀၂၃) တိုးလာကြောင်း၊ ဇွန်လတွင် တရုတ်နိုင်ငံရှိ ငှက်ပျောသီးများ၏ ပျမ်းမျှလက်လီဈေးသည် တစ်ကီလိုဂရမ်လျှင် (၇.၈၉)ယွမ် (အမေရိကန်ဒေါ်လာ ၁.၀၉)ရှိပြီး ယခင်လကထက် (၂.၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဇွန်လတွင် ငှက်ပျောသီးဈေးများ မြင့်တက်မှုသည် မေလမှစတင်၍ ပြည်တွင်းရောင်းလို အား နည်းပါးခြင်းကြောင့်ဖြစ်ပြီး ငှက်ပျောသီး ပြတ်လပ်မှုဖြစ်စေခဲ့ကြောင်း၊ ပုံမှန်အားဖြင့် မေလ နှင့် ဇွန်လတွင် ဈေးကွက်သို့ရောက်ရှိမည့် ငှက်ပျောသီးများကို ဈေးကောင်းရရှိရန်အတွက် ကြိုတင်ခူးဆွတ်ခဲ့ကြကြောင်း၊ ရလဒ်အနေဖြင့် ပြည်တွင်း ငှက်ပျောသီး ထုတ်လုပ်မှုသည် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် (၈.၆)ရာခိုင်နှုန်း၊ (၁၈.၃)ရာခိုင်နှုန်း၊ (၃၂.၃) ရာခိုင်နှုန်းနှင့် (၂၅.၃)ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း၊ ထို့ကြောင့် မေလလယ်တွင် ငှက်ပျောခြံများတွင် ငှက်ပျောသီးများ ခူးဆွတ်ပြီးသွားသည့်အနေအထားရှိကြောင်း သိရှိရပါ သည်။

တရုတ်နိုင်ငံတွင် ငှက်ပျောစိုက်ပျိုးမှုကို ကွမ်တုန်း၊ ကွမ်ရှီး၊ ယူနန်၊ ဟိုင်နန်၊ ကွေ့ကျိုးနှင့် ဖူကျန့်တို့တွင် အဓိက စိုက်ပျိုးကြကြောင်း၊ သို့သော်လည်း ဟိုင်နန်မှလွဲ၍ အခြားအဓိကစိုက်ပျိုး ထုတ်လုပ်သော ပြည်နယ်များသည် မေလတွင် ငှက်ပျောအထွက်နှုန်း ကျဆင်းလာခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ငှက်ပျောသီးဈေးကွက် အေးနေသဖြင့် ငှက်ပျောသီးတင်သွင်းမှုလျော့ကျခဲ့ပြီး ပြည်တွင်း ငှက်ပျောသီးများအတွက် ဈေးကွက်ပိုမိုရရှိစေခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အချက် အလက်များအရ ၂၀၂၄ ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံ၏ ငှက်ပျောသီး တင်သွင်းမှု ပမာဏသည် မက်ထရစ်တန် (၁၄၆,၀၀၀) ရှိပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၈၀.၁၁)သန်းရှိကြောင်းသိရှိရပါသည်။ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက သွင်းကုန်ပမာဏ (၁၉.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး သွင်းကုန်တန်ဖိုး (၃၂.၃)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ပါက သွင်းကုန်ပမာဏ (၂၂.၇)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သွင်းကုန်တန်ဖိုး (၁၇.၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ မေလတွင် တရုတ်နိုင်ငံသို့ ငှက်ပျောသီး အဓိကတင်ပို့ရောင်းချသည့် (၃)နိုင်ငံ စလုံးသည် ပို့ကုန်ကျဆင်းမှုနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ အကြီးဆုံး ငှက်ပျောသီး တင်ပို့သူဖြစ်ပြီး ပို့ကုန်ပမာဏမှာ (၄၁,၇၂၅) မက်ထရစ်တန်ဖြစ်ပြီး ယခင်လက ထက် (၄၇.၁)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဖိလစ်ပိုင်သည် ပို့ကုန်ပမာဏ (၃၉,၆၂၂)မက်ထရစ် တန်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး (၈.၃)ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ သည် ပို့ကုန်ပမာဏ (၂၁,၄၈၁)မက်ထရစ်တန်ဖြင့် (၁၂.၉)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://www.producereport.com/article/china-sees-higher-banana-prices-summer

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

 

 

 

 

Category: International News