International News

ပီရူးနိုင်ငံမှ အေးခဲထားသော ထောပတ်သီး၊ ဘလူးဘယ်ရီသီးနှင့် သရက်သီးများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရလုနီးပြီဖြစ်

Last Updated:

ပီရူးနိုင်ငံမှ သတင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရ ပီရူးစိုက်ပျိုးရေးနှင့်ဆည်မြောင်း ဝန်ကြီး ဌာန၏ အကြီးအကဲ အန်ဂျယ်မာရိုကမ်ပိုစ်က ပီရူးမှ အေးခဲသောထောပတ်သီး၊ ဘလူးဘယ်ရီသီးနှင့် သရက်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရန် ပြင်ဆင်နေပြီး စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် စူပါမားကတ်များကို အဓိကပစ်မှတ်ထားခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

အေးခဲထားသောသစ်သီးများအပြင် တရုတ်အကောက်ခွန်ဌာနသည် ယခုနှစ်အတွင်း ပီရူးနိုင်ငံမှ လတ်ဆတ်သော သလဲသီးနှင့် pecansများကိုလည်း ဈေးကွက်ဝင်ရောက်ခွင့်ပေးမည်ဟု Manero ကပြောကြားခဲ့ပြီး တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ အကြီးအကဲသည် သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် စက်တင်ဘာလတွင် ပီရူးနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ပီရူးလယ်ယာထွက်ကုန်တင်ပို့မှုစုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်း (၄၅၀) ရှိပြီး နှစ်စဉ်တိုးတက်မှုနှုန်းမှာ ခန့်မှန်းခြေအားဖြင့် (၁၀)ရာခိုင်နှုန်းရှိကြောင်း၊ အဆိုပါ ပမာဏအနက် လတ်ဆတ်သောသစ်သီးများ တင်ပို့မှုသည် စုစုပေါင်းအမေရိကန်ဒေါ်လာသန်း (၃၀၀)ရှိကြောင်း၊ ထို့အပြင် တရုတ်နှင့် ပီရူးတို့သည် ပီရူးနိုင်ငံထွက် လတ်ဆတ်သော စပျစ်သီး များကို တရုတ်နိုင်ငံသို့ လေကြောင်းဖြင့် ပို့ဆောင်ရန် သဘောတူညီချက်တစ်စောင်ကို မကြာသေး မီက လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ လေကြောင်းဖြင့် ပို့ဆောင်သော စပျစ်သီးများသည် ပိုမို လတ်ဆတ်ပြီး နှစ်ရက်အတွင်း ဆိုင်ပေါ်သို့ရောက်ရှိနိုင်၍ တန်ဖိုးကြီးဈေးကွက်တွင် ယှဉ် ပြိုင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံသည် ပီရူးနိုင်ငံမှ မြင်း၊ မြည်းအသားနှင့် သားရေများ ကို တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။

Manero သည် လာမည့်နိုဝင်ဘာလတွင် ပြီးစီးမည့် ပီရူးနိုင်ငံရှိ Chancay Port Terminal ၏ အရေးပါမှုကို အလေးပေးပြောကြားခဲ့ကြောင်း၊ ၎င်းသည် စိုက်ပျိုးရေးထုတ်ကုန်များအတွက် သယ်ယူပို့ဆောင်ခကို (၃၀)ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည်ဖြစ်ပြီး ကွန်တိန်နာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ (၂၀၀၀)မှ (၃၀၀၀)ထိ သက်သာစေမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုဆိပ် ကမ်းသစ်သည် တရုတ်နိုင်ငံသို့ သင်္ဘောဖြင့် ပို့ဆောင်ချိန်ကို (၂၈)ရက်မှ (၁၆)ရက်အထိ လျှော့ ချနိုင်မည်ဖြစ်၍ ပုတ်သိုးပျက်စီးလွယ်သောထုတ်ကုန်များအတွက် အလွန်အရေးပါကြောင်း သိရှိရပါသည်။

Chancay Port Terminal ကို လုပ်ငန်းစတင်လည်ပတ်ပြီးပါက စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုသည် နှစ်စဉ်တိုးတက်မှုနှုန်း (၁၅) မှ (၂၀) ရာခိုင်နှုန်းသို့ ရောက်ရှိနိုင်သည်ဟု ပီရူးနိုင်ငံက မျှော်လင့်ထားကြောင်း၊ ဥရောပသို့ ပီရူးစိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုသည် နှစ်စဉ်တိုးတက် မှုနှုန်း (၃) မှ (၄)ရာခိုင်နှုန်းသာရှိ၍ တရုတ်နိုင်ငံသို့ တင်ပို့မှုသည် (၁၀) မှ (၁၅)ရာခိုင်နှုန်း တိုး တက်လျက်ရှိပြီး ရေရှည်တွင်(၂၀) ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟု Manero က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://www.producereport.com/article/frozen-peruvian-avocados-blueberries-mangos-nearing-china-market-access

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

 

Category: International News