Local News

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဆင်းသုခစပါးတင်းရေ ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဆင်းသုခစပါးတင်းရေ ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြ၍ သိရသည်။ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇွန်လအတွင်း ဆင်းသုခစပါးတင်းရေ ၅၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ တစ်လအတွင်း ဆင်းသုခစပါးတင်းရေ ၈၇၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း ဆင်းသုခစပါးတင်းရေ ၈၇၀၀၀ ထိ ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချခဲ့ရပါတယ်။ ဘိုကလေးမြို့ကနေ စပါးတွေဆန်တွေနဲ့ အခြားလယ်ယာထွက်ကုန်များကို ရန်ကုန်ဈေးကွက်ကို အများဆုံးတင်ပို့ရောင်းချပါတယ်။ ဆင်းသုခစပါးက အကြမ်းအုပ်စုထဲမှာပါတဲ့စပါး အမျိုးအစားဖြစ်ပါတယ်။ အဲဒီစပါးတွေကို ရန်ကုန်ဘက်က ဝယ်ယူအားများနေလို့ တင်ပို့အားတက်ခဲ့တာဖြစ်ပါတယ်။ ဆင်းသုခစပါးကို ရန်ကုန်ဈေးကွက်က အခုလထဲမှာလဲ အများအပြားဝယ်ယူဖို့ ကမ်းလှမ်းချိတ်ဆက်မှုတွေရှိပါတယ်” ဟု ဘိုကလေးမြို့နယ် ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း တင်ပို့ရောင်းချခဲ့သည့် ဆင်းသုခစပါး ၁၀ တင်းလျှင် ငွေကျပ် ၁၉ သိန်းထိ ဈေးပေါက်နေကြောင်း၊ အဆိုပါ စပါးများအရောင်းအဝယ်ကောင်းလာသည့်အတွက် တောင်သူများ၊ ကုန်သည်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်တင်ယာဉ် အငှားလိုက်လုပ်ငန်းရှင်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိနေကြောင်း ဆန်စပါးရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ရီရီထွန်းထံမှ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News