International News

အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေး လုပ်ဆောင်နေသည့် ဟောင်ကောင်

Last Updated:

ဟောင်ကောင်ဒေသအနေဖြင့် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး ပိုမိုခိုင်မာစေရေး လုပ်ဆောင် နေလျက်ရှိရာ အဆိုပါဆောင်ရွက်ချက်များတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့၌ ဟောင်ကောင်ဒေသ၏ (၄) ခုမြောက် စီးပွားရေးနှင့် ကုန်သွယ်ရေးရုံး (ETO)ဖွင့်လှစ် သွားရန် လည်းပါဝင်ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် “HKSAR to further strengthen ties with ASEAN countries” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အာဆီယံဒေသ၌ ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် ဟောင်ကောင်ဒေသ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးရုံးများမှာ စင်ကာပူ၊ ဘန်ကောက်နှင့် ဂျကာတာမြို့များတွင် တည်ရှိပါသည်။ အာဆီယံဒေသသည် ဟောင်ကောင်၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်အဖြစ် ဆယ်စုနှစ် တစ်ခု ကြာရပ်တည်နေခဲ့ပြီး၊ ၂၀၂၃ ခုနှစ်တွင် နှစ်ဖက်ကုန်သွယ်မှုမှာ အမေရိကန် ဒေါ်လာ ၁၄၅ ဘီလီယံ ဖြင့် ဟောင်ကောင်ဒေသ စုစုပေါင်းကုန်သွယ်မှု၏ ၁၃ ရာခိုင်နှုန်း ရှိခဲ့သည်ဟု ဟောင်ကောင်ဒေသ အုပ်ချုပ်ရေးမှူးချုပ် John Lee က ပြောကြားခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

လွတ်လပ်စွာကုန်သွယ်နိုင်သော ဒေသတစ်ခုဖြစ်သည့် ဟောင်ကောင်ဒေသ အနေဖြင့်  ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်သွားရန် စိတ်အား ထက်သန်လျက်ရှိပြီး နိုင်ငံတကာကုန်သွယ်မှုအတွက် နိုင်ငံစုံစနစ်ကို လက်ကိုင်ထားကြောင်း ပြောကြားခဲ့ပါသည်။

ဟောင်ကောင်ဒေသ၏ အရှေ့တောင်အာရှဈေးကွက်ချဲ့ထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆောင်ရွက်ချက် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ဟောင်ကောင်ဒေသ အုပ်ချုပ်ရေး မှူးချုပ်သည် ၂၀၂၄ ခုနှစ် ဇူလိုင်အတွင်း လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ အကောက်ခွန်၊ ပညာရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်း၊ နည်းပညာ၊ လေကြောင်းပို့ဆောင်ရေးနှင့် ငွေရေး ကြေးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရေးအတွက် သဘောတူညီချက်နှင့် နားလည်မှုစာချွန်လွှာ ၅၅ စောင် လက်မှတ်ရေးထိုးခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အလားတူ ၂၀၂၂ ခုနှစ်၊ ဇူလိုင်အတွင်း အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူနိုင်ငံများ သို့ သွားရောက်ခဲ့ပြီး နားလည်မှုစာချွန်လွှာ ၃၀ ကျော် လက်မှတ်ရေးထိုးခဲ့ခြင်းကြောင့် တစ်နှစ်အတွင်း ဟောင်ကောင်ဒေသနှင့် အဆိုပါ အာဆီယံ (၆) နိုင်ငံအကြားတွင် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ပေါင်း (၉၀) ကျော် လက်မှတ်ရေးထိုးခဲ့ကြောင်း ရေးသား ဖော်ပြထားပါသည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (RCEP)သို့ ဟောင်ကောင် ဒေသဝင်ရောက်နိုင်ရေးအတွက် ယုံကြည်မှုရှိကြောင်း၊ RCEP အဖွဲ့ဝင် (၁၅) နိုင်ငံအနက် တရုတ်ပြည်မနှင့် အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံသည် ဟောင်ကောင်ဒေသ၏ အဓိက ကုန်သွယ်ဖက် များဖြစ်ပြီး ၂၀၂၃ ခုနှစ် ဟောင်ကောင်ဒေသ၏ စုစုပေါင်းကုန်စည် ကုန်သွယ်မှု၏ ၇၀ ရာခိုင်နှုန်းနှင့် ၂၀၂၂ ခုနှစ် ဝန်ဆောင်မှုကုန်သွယ်မှု၏ ၄၈ ရာခိုင်နှုန်းရှိကြောင်း၊ ထို့ပြင် ဟောင်ကောင်ဒေသ အစိုးရသည် RCEP အဖွဲ့ဝင် (၁၃) နိုင်ငံနှင့် နှစ်ဖက် လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီ ချက်များ လက်မှတ်ရေးထိုးထားသည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

တရုတ်ပြည်မနှင့် ကမ္ဘာ့နိုင်ငံများအကြား ချိတ်ဆက်ပေးသူနှင့် တန်းဖိုးမြှင့်ပေးသည့် အခန်း ကဏ္ဍတွင် ရပ်တည်နေသည့် ဟောင်ကောင်ဒေသသည် RCEP နှင့် အဖွဲ့ဝင်နိုင်ငံ များအတွက် သိသာထင်ရှားသည့် တန်ဖိုးယူဆောင်လာရန် အသင့်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများမှ ဝင်ရောက် လာသည့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၆.၅ ရာခိုင်နှုန်းဖြင့် ဟောင်ကောင် ဒေသသို့ ဝင်ရောက်သည့် စတုတ္ထအကြီးဆုံး ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: International News