International News

အမေရိကန်-အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင်(IPEF Partners) မိတ်ဖက်နိုင်ငံများသည် ပထမအကြိမ် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ကောင်စီ (IPEF Supply Chain Council) အစည်းအဝေးနှင့် အကျပ်အတည်းတုံ့ပြန်ရေးကွန်ရက် (IPEF Crisis Response Network) အစည်းအဝေး တို့ကိုကျင်းပခဲ့ခြင်း

Last Updated:

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အင်ဒို-ပစိဖိတ်စီးပွားရေး မူဘောင်  (Indo-Pacific Economic Framework for Prosperity, IPEF) သဘောတူညီချက်အောက်ရှိ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကောင်စီ အစည်းအဝေးနှင့် အကျပ်အတည်းတုံ့ပြန်ရေးကွန်ရက် (Crisis Response Network, CRN) အစည်းအဝေးတို့ကို ပထမအကြိမ်အဖြစ် ၁၂-၉-၂၀၂၄ ရက်နှင့် ၁၃-၉-၂၀၂၄ ရက်တို့တွင် မျက်နှာစုံညီကျင်းပခဲ့ပါသည်။

IPEF Supply Chain Council အစည်းအဝေးကို အမေရိကန်နိုင်ငံကဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ပြီး IPEF အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံအပါအဝင် ဩစတြေးလျ၊ ဘရုနိုင်းဒါရူဆလမ်၊ ဖီဂျီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor)၊ ဓာတုပစ္စည်းနှင့် ဘတ္ထရီထုတ်လုပ်ရန်အသုံးပြုသည့် အရေးကြီးတွင်းထွက်သတ္တုများ (Critical Minerals) နှင့်ပတ်သက်သော လုပ်ငန်းအဖွဲ့(၃)ဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း၊ လာမည့်ရက်သတ္တပတ်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဆိုင်ရာ လုပ်ငန်းအဖွဲ့ကို ထပ်မံတည်ထောင်သွားရန်ရှိကြောင်း၊ ယင်းအကြောင်းအရာများနှင့်ပတ်သက်၍ လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်းသည် IPEF Supply Chain Agreement အောက်တွင် အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ရန် သတ်မှတ်ဖော်ထုတ်ထားသည့် အကြောင်းအရာများဖြစ်ကြောင်း သိရှိရပါသည်။  

အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် မိတ်ဖက်နိုင်ငံများ၏ အကျပ်အတည်းတုံ့ပြန်ရေး ကွန်ရက် (Crisis Response Network, CRN) အစည်းအဝေးကို ကိုရီးယားနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှုနှင့် ပတ်သက်၍ အလေးထားဆွေးနွေးခဲ့ကြကြောင်း၊ အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများသည် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ရုတ်တရက်ပြတ်တောက်မှုကြောင့် သွင်းကုန်နှင့် ဓာတုပစ္စည်းများ အချို့အသုံးပြုမှုအပေါ် သက်ရောက်မှုအပါအဝင် အခြားအရေးပေါ်တုံ့ပြန်မှု လက်တွေ့လေ့လာမှုများကို ပြုလုပ်ခဲ့ကြကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက် ကောင်စီအစည်းအဝေးကို ထပ်မံကျင်းပသွားမည်ဖြစ်ကြောင်း  သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

Category: International News