International News

ဂျပန်နိုင်ငံ၏ လစာနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

လစာများ တိုးမြှင့်ရရှိခဲ့ခြင်းနှင့်နွေရာသီဆုကြေးငွေ ရရှိခဲ့မှုများကြောင့် ငွေကြေးဖောင်းပွ မှုကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ လစာနှုန်း (Real Wages) မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၀.၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

အဆိုပါ သတင်းတွင် အခြေခံလစာနှင့် အချိန်ပိုကြေးအပါအဝင် လစဉ်ပျမ်းမျှလစာမှာ ၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၄၀၃,၄၉၀ ယန်း ရှိခဲ့ကြောင်းနှင့် ၃၁ လဆက်တိုက် မြင့်တက်ခဲ့ ကြောင်း၊  ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားသည့် ဂျပန်နိုင်ငံ၏ လစာမှာ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ၁.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းနှင့် ၂၇ လ တာကာလအတွင်း ပထမဆုံးအကြိမ် မြင့်တက်ခဲ့ခြင်း ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ဖော်ပြထားပါသည်။

ဆုကြေးငွေများအပါအဝင် အထူးဝင်ငွေများ ရရှိမှုမှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ၆.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး၊ ၁၁၈,၈၀၇ ယန်း ရှိခဲ့ကြောင်း၊ အချိန်ပိုကြေးနှင့်အခြားသောရငွေများမှာ ၀.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၉,၅၉၀  ယန်း ရှိခဲ့ကြောင်း၊  ဆုကြေးနှင့် အခြားသော ပံ့ပိုးငွေများ မပါဝင်သည့် ပျမ်းမျှလစာမှာ ၂.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၂၆၅,၀၉၃ ယန်းရှိခဲ့ကြောင်းနှင့် ၃၁ နှစ်အတွင်း အများဆုံး မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားပါသည်။  

ဂျပန်နိုင်ငံ၏ လစဉ်ပျမ်းမျှလစာနှုန်းမှာ ၅.၁ ရာခိုင်နှုန်းအထိ တိုးမြှင့်ခဲ့ပြီး၊ ၃၃ နှစ်အတွင်း ပထမဆုံးအကြိမ် ၅ ရာခိုင်နှုန်းအထက် မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဂျပန်နိုင်ငံ၏ အကြီးဆုံး အလုပ်သမား အဖွဲ့ချုပ်ဖြစ်သည့် Japanese Trade Union Confederation ၏ ထုတ်ပြန် ချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို ထည့်သွင်းတွက်ချက်ထားခြင်း မရှိသည့် ဂျပန်နိုင်ငံရှိ အချိန် ပြည့် အလုပ်သမားတစ်ဦး၏ လစဉ်ပျမ်းမျှလစာမှာ ၃.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၅၂၉,၂၆၆ ယန်း ရှိခဲ့ကြောင်း၊ အချိန်ပိုင်း အလုပ်သမားတစ်ဦး၏ လစဉ်ပျမ်းမျှလစာမှာ ၃.၉ ရာခိုင်နှုန်း မြင့်တက် ခဲ့ပြီး၊ ၁၁၄,၇၂၉ ယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

    

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Kyodo News (၅-၈-၂၀၂၄)

Category: International News