International News

ဗီယက်နမ်နိုင်ငံသည် VAT လျှော့ချမှုကို၂၀၂၄ ဇွန်လကုန်အထိ သက်တမ်းတိုးရန် စီစဉ်နေ

Last Updated:

     ကမ္ဘာ့စီးပွားရေး တိုတက်မှုနှုန်းနှေးကွေးနေသဖြင့် ပြည်တွင်းစားသုံးမှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် တန်ဖိုးဖြည့်ခွန် (  Value Added Tax ) ကောက်ခံမှုနှုန်းလျှော့ချခြင်းကို  လာမည့်နှစ် ဇွန်လကုန်အထိ သက်တမ်းတိုးရန် ရည်ရွယ်ထားကြောင်း ဗီယက်နမ်အစိုးရက အင်္ဂါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
          VAT ကို ၁၀ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်း သို့ လျှော့ချခြင်းအား ဇူလိုင်လကတည်းက စတင်ခဲ့ ခြင်းဖြစ်ပြီး ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ သက်တမ်းတိုးရန်အတွက် လွှတ်တော်၏ အတည်ပြုချက်ရယူရန်လိုအပ်ပြီး လာမည့်သီတင်းပတ်တွင် လွှတ်တော် အစည်းအဝေး စတင်မည်ဖြစ်ကြောင်းဖော်ပြထားပါသည်။
      ဗီယက်နမ်အစိုးရက VAT ၁၀ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်း သို့ လျှော့ချခြင်းသည် ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေး၊ ဆက်သွယ်ရေးနှင့် အိမ်ခြံမြေများကဲ့သို့သော ဝန်ဆောင်မှုများနှင့် ထုတ်ကုန်များနှင့် သက်ဆိုင်မည်မဟုတ်ကြောင်း ၊ ပြည်တွင်းစားသုံးမှုကို မြှင့်တင်ရန် မျှော်လင့် ထားသော်လည်း အခွန် လျှော့ချခြင်းသည် အစိုးရ၏ ဘတ်ဂျက်ဝင်ငွေ ဒေါင် ၂၅ ထရီလီယံ (ဒေါ်လာ ၁.၀၂ ဘီလီယံ) ကျဆင်းစေနိုင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ခန့်မှန်းထားသည်။
     ဗီယက်နမ်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် တတိယသုံးလပတ်တွင် 5.33% မြင့်တက် ခဲ့ပြီး ယခင်ကာလထက် 4.05% ပိုမိုများပြားခဲ့ကြောင်း တရားဝင်သတင်းအချက်အလက်များအရ သိရှိ ရပါသည်။စားသုံးသူဈေးနှုန်းညွှန်းကိန်း (CPI) သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက 3.7% တိုးလာသော်လည်း ငွေကြေးဖောင်းပွမှုမှာ ဇွန်လမှစ၍ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ ဤအချက်အလက်များအရ ဗီယက်နမ်စီးပွားရေး သည် ကပ်ရောဂါကြောင့်ဖြစ်ပေါ်လာသော စိန်ခေါ်မှုများမှ ပြန်လည်ကောင်းမွန်လာသော်လည်း ငွေကြေး ဖောင်းပွမှုမှာ စိုးရိမ်စရာအဖြစ် ဆက်လက်ရှိနေကြောင်းတွေ့ရှိရပါသည်။
       ပို့ကုန်များ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဗီယက်နမ်၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ယခုနှစ် တတိယသုံးလပတ်တွင် တိုးတက်လာသော်လည်း ပြည်တွင်း စားသုံးမှု နည်းပါးနေသေးကြောင်း၊ ပုဂ္ဂလိကပြည်တွင်း ရင်းနှီး မြှုပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံ သူများ၏ ယုံကြည်မှု အားနည်းနေခြင်းကြောင့် ချေးငွေ တိုးတက်မှုမှာ နှေးကွေးနေကြောင်း ကမ္ဘာ့ဘဏ်၏ နောက်ဆုံးအစီရင်ခံစာတွင် ဖော်ပြထားသည်။
     လူဦးရေ သန်း ၁၀၀ နီးပါးရှိသည့် ဗီယက်နမ်ပြည်တွင်းဈေးကွက်တွင် လက်လီရောင်းချမှု သည် ယခုနှစ် ပထမကိုးလအတွင်း ၉ ဒသမ ၇ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း အထွေထွေ စာရင်းအင်း ရုံး၏အဆိုအရ သိရှိရသည်။ ကပ်ရောဂါကြောင့် စိန်ခေါ်မှုများအတွင်း ပြည်တွင်းစားသုံးသူ အသုံးစရိတ်မှာ တိုးတက်မှုအချို့ရှိနေသော်လည်း ၎င်းသည် အလုံးစုံ စီးပွားရေးတိုးတက်မှု အတွက် လုံလောက်သောတွန်းအားမဟုတ်ကြောင်းဖော်ပြထားပါသည်။
Source : Vn express International
( စီးပွားရေးသံမှူး ၊ ဗီယက်နမ်)

Category: International News