International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ ရှေ့ပြေးစမ်းသပ်ဆောင်ရွက်သည့် လွတ်လပ်သောကုန်သွယ်မှုဇုန်များ အတွက် ဦးစားပေးဆောင်ရွက်မည့်စာရင်းများထုတ်ပြန်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတွင် ရှေ့ပြေး စမ်းသပ်ဆောင်ရွက်သည့် လွတ်လပ်သောကုန်သွယ်မှုဇုန်များ(Free Trade Zones-FTZs) တည်ထောင်ခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည်အဖြစ် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ရှေ့ပြေးစမ်းသပ်ဆောင်ရွက်သည့် ကုန်သွယ်မှုဇုန်များအလိုက် ဦးစားပေးဆောင်ရွက်မည့် စာရင်းများကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုဇုန်များ၌ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ဆက်လက် တွန်းအားပေးဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်း ၁၆၄ ခု သတ်မှတ်ထားပြီး အရေးပါသည့် အဖွဲ့အစည်းဆိုင်ရာ ဆန်းသစ်တီထွင်မှုများ၊ အဓိကစက်မှုလုပ်ငန်းများ၊ Platform Construction စသည့်တို့အပြင် အရေးကြီးသည့် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များပါဝင်ကြောင်း ဝန်ကြီးဌာန၏ အဆိုအရသိရှိရပါသည်။

လွတ်လပ်သောကုန်သွယ်မှုဇုန်များ၏ အရည်အသွေးမြင့်မားတိုးတက်စေရေးအတွက် အဆိုပါစာရင်းထုတ်ပြန်ချက်ကို ဇုန်တစ်ခုချင်းစီ၏ နည်းဗျူဟာကျသည့် အနေအထားနှင့် ဖွံ့ဖြိုးရေးဦးတည်ချက်များအပေါ်အခြေခံ၍ သတ်မှတ်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

ဥပမာအားဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဘဏ္ဍာရေး၊ ဥပဒေရေးရာဝန်ဆောင်မှုများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အပြန်အလှန် အသိအမှတ်ပြုမှု စသည့်နယ်ပယ်များ၌ တရုတ်နိုင်ငံ၏ ဟောင်ကောင်၊ မကာအိုဒေသများနှင့် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကွမ်းတုန်းရှိ လွတ်လပ်သော ကုန်သွယ်မှုဇုန်ကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။ 
အဆိုပါစာရင်းသည် ပြုပြင်ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှုများကို ပိုမိုကူညီပံ့ပိုးဆောင်ရွက်ရန်နှင့် လွတ်လပ်သောကုန်သွယ်မှုဇုန်များအတွင်း စနစ်တကျပေါင်းစည်း ဆောင်ရွက်မှုများ အားကောင်းလာစေရန် ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။
တရုတ်နိုင်ငံ၏ ပထမဆုံး လွတ်လပ်သောကုန်သွယ်မှုဇုန်ကို ၂၀၁၃ ခုနှစ်၌ ရှန်ဟိုင်းတွင် စတင်တည်ထောင်ခဲ့ပြီး ဇုန်အရေအတွက် ၂၁ ခုအထိ တိုးတက်ခဲ့ကြောင်းလည်း သိရှိရပါသည်။
Source: China issues priority list for pilot free trade zones (www.gov.cn)

(စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News