International News

သမ္မတလောင်းဒေါ်နယ်ထရမ့်က နိုင်ငံခြားကုမ္ပဏီများ၏ အလုပ်အကိုင်များကို အမေရိကန်နိုင်ငံသို့ရွှေ့ပြောင်းလာရေး စည်းရုံးသွားမည်ဟု ပြောကြားခဲ့

Last Updated:

အမေရိကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ၎င်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက်ဆောင်ရွက်သူဟု မိမိကိုယ်ကိုရည်ညွှန်းပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံရှိ နိုင်ငံခြားကုမ္ပဏီများကို အခွန်သက်သာခွင့်ပေးကာ အမေရိကန်နိုင်ငံသို့ပြောင်းရွှေ့၍ ကုန်ထုတ်လုပ်ခြင်းမပြုသည့်လုပ်ငန်းများကို အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံသည့် ပြစ်ဒဏ်ပေးသွားမည်ဖြစ် ကြောင်းနှင့် ပတ်သက်သည့် သတင်းအား Wall Street Journal အွန်လိုင်းသတင်း၌ ၂၄-၉-၂၀၂၄ ရက်တွင် “Trump Says Plan Will Convince Foreign Companies to Shift Jobs to U.S.” ခေါင်းစဉ်ဖြင့် ဖော်ပြထား ပါသည်။

သမ္မတလောင်းဒေါ်နယ်ထရမ့်က နိုင်ငံခြားတိုင်းပြည်များအနေဖြင့်အမေရိကန်နိုင်ငံကြောင့် ၎င်းတို့၏အလုပ်အကိုင်များဆုံးရှုံးမည်ကို စိုးရိမ်လာမည်ဖြစ်ပြီး ဤသည်မှာခေတ်သစ်အမေရိကန် စက်မှုလုပ်ငန်းပုံစံလူမှုအဖွဲ့အစည်း (New American Industrialism)ကို တည်ထောင်ခြင်းဖြစ်သည်ဟု ဂျော်ဂျီယာပြည်နယ်၌ မဲဆွယ်စည်းရုံးစဉ်ပြောကြားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ သားများ၏ အဓိကစိုးရိမ်ရမည့်အချက်မှာ မည်သည့်အလုပ်အကိုင်အမျိုးအစားကို ရွေးချယ်မည်ဟူသည့်အချက်ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ဒုတိယသမ္မတသက်တမ်းအတွက်ရွေးချယ်ခံရပါက စက်မှုလုပ်ငန်းဆိုင်ရာ သံတမန်ခန့်အပ်၍ နိုင်ငံခြားကုမ္ပဏီများ အမေရိကန်နိုင်ငံသို့ ဝင်ရောက် လာစေရန် ဆုပေး-ဒဏ်ပေး စနစ် (A carrot-and-stick approach) ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အမေရိကန်နိုင်ငံသည် စက်ရုပ်နည်းပညာ၊ သင်္ဘော တည်ဆောက်ခြင်းနှင့် မော်တော်ယာဉ်ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အဓိကအရေးပါသည့်နေရာဖြစ်လာမည်ဖြစ်ကြောင်း၊ သမ္မတလောင်း ဒေါ်နယ်ထရမ့်၏စီးပွားရေးအပေါ် ချဉ်းကပ်နည်းသည် ရှေးရိုးဆန်သည့် ရီပတ်ဘလစ်ကန်အယူအဆ အချို့နှင့် ၎င်း၏ကိုယ်ပိုင်အယူအဆဖြစ်သည့် အကောက်ခွန်နှုန်း တိုးမြှင့်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနေရာရွေးချယ်ရာတွင် အစိုးရ၏အပြုသဘောဆောင်သည့်ပါဝင်မှုဟူသော အယူအဆတို့ကို ပေါင်းစည်းထားခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သမ္မတလောင်းဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၌ ကုန်ပစ္စည်းများထုတ်လုပ်သည့်ကုမ္ပဏီ များကို အခွန်(၁၅)ရာခိုင်နှုန်းသာကောက်ခံမည်ဟု ပြောကြားခဲ့ကြောင်း၊ နိုင်ငံခြားကုမ္ပဏီများ အနေဖြင့် အမေရိကန်နိုင်ငံ၌ရရှိသည့်ဝင်ငွေအပေါ် အခွန်ပေးဆောင်ရပြီး အမေရိကန်အခြေ စိုက် ကုမ္ပဏီများရရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမက်လုံးများကိုလည်း တစ်ချိန်တည်းတွင် ခံစားခွင့်ရှိခဲ့ကြောင်း၊ ထို့အပြင် အခွန်ပေးဆောင်ရမှုနည်းသည့် လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းလျက် ဖက်ဒရယ်က ပိုင်ဆိုင်သည့်မြေအပေါ် အထူးဇုန်များတည်ထောင်သွားမည်ဟုလည်း ၎င်းကပြောကြားခဲ့ကြောင်း၊ ၎င်း၏နိုင်ငံခြားသွင်းကုန်အားလုံးအပေါ် အခွန် (၁၀)မှ (၂၀)ရာခိုင်နှုန်းအထိ ကောက်ခံမည့်ကိစ္စရပ်မှာ ပြည်တွင်းလုပ်ငန်းရှင်များအတွက် အကျိုးကျေးဇူးများရရှိနိုင်သော် လည်း သွင်းကုန်ပစ္စည်းများ၏ စားသုံးသူဈေးဆနှုန်းကို မြင့်တက်စေမည်ဖြစ်ကြောင်း၊ ထို့အပြင် မက္ကဆီကိုနိုင်ငံမှတင်သွင်းသည့် မော်တော်ယာဉ်များအပေါ် အကောက်ခွန်နှုန်း (၁၀၀) ရာခိုင် နှုန်း ကောက်ခံမည်ဟုလည်း ပြောကြားခဲ့ကြောင်း၊ သမ္မတလောင်းဒေါ်နယ်ထရမ့်၏ မူဝါဒများ သည် အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းကို တိုးမြှင့်ရန်ဆောင်ရွက်မည်ဖြစ်ရာ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ကျင့်သုံးသည့် မူဝါဒများမှ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ လက်ရှိအစိုးရအနေဖြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductors) ထုတ်လုပ်သည့် ကုမ္ပဏီများ၌ ရင်းနှီး မြှုပ်နှံမှုကို အားသွန်ခွန်စိုက်ပြုလုပ်လျက်ရှိပြီး သန့်စင်သောစွမ်းအင်စီမံကိန်းများကိုလည်း အခွန်သက်သာခွင့်များ ပေးထားကြောင်းသိရှိရပါသည်။

အထက်လွှတ်တော်လူနည်းစုခေါင်းဆောင်၊ ရီပတ်ဘလစ်ကန်လွှတ်တော်ကိုယ်စားလှယ် Mr. Mitch McConnel က ၎င်းအနေဖြင့် “အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းကို အားပေးသူတစ်ဦး မဟုတ်ကြောင်းနှင့် အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းသည် အမေရိကန်စားသုံးသူများအတွက် ကုန်ဈေးနှုန်း မြင့်မားစေသည်ဟု” ပြောကြားခဲ့ကြောင်း၊ အမေရိကန်ကုန်သွယ်မှုကိုယ်စားလှယ်ရုံး၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံခြားဝန်ဆောင်မှုဌာနခွဲတို့မှ အရာရှိများခန့်ထားပြီး စက်မှုလုပ်ငန်းရှင်များအပါအဝင် ကုမ္ပဏီများအား ဆက်သွယ်ဆောင်ရွက်လျက်ရှိရာ စက်မှုလုပ်ငန်းဆိုင်ရာသံတမန်ခန့်ထားခြင်းမှာ ပြယုဂ်တစ်ခုမျှသာဖြစ်နိုင်ကြောင်း၊ အထူးစက်မှုဇုန်များတည်ထောင်ခြင်းနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၌ လွတ်လပ်သောကုန်သွယ်မှုဇုန်များ တည်ထောင်ထားရှိပြီး ပြန်လည်တင်ပို့ရန်ရည်ရွယ်၍ ယင်းဇုန်များသို့ ဝင်ရောက်လာသည့်သွင်းကုန်များအပေါ် အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် ပြန်လည်တင်ပို့ခွင့်ပြုထားပါကြောင်း၊ ထို့အပြင် ဖက်ဒရယ်က ပိုင်ဆိုင်သည့်မြေနေရာများမှာ အများအားဖြင့် အမျိုးသားသစ်တောမြေများနှင့် မွေးမြူရေးခြံများဖြစ်သဖြင့် ဆိပ်ကမ်းနှင့်နီးသည့်နေရာ၊ ရထားခြံဝင်းနှင့် အခြားသယ်ယူပို့ဆောင်ရေးစနစ်တစ်ခုခုနှင့်နီးသည့်နေရာရှာဖွေရန် ခက်ခဲနိုင်ပါကြောင်း သိရှိရပါ သည်။

သမ္မတလောင်းဒေါ်နယ်ထရမ့်၏ သမ္မတသက်တမ်းအတွင်း အကောက်ခွန်နှုန်းတိုးမြှင့် ကောက် ခံခြင်းသည် အလုပ်အကိုင်ခန့်ထားမှုကို အနည်းငယ်သာသက်ရောက်မှုရှိသည်ဟု ဟားဗက် တက္ကသိုလ်၊ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ်၊ ဇူးရစ်တက္ကသိုလ်နှင့် ကမ္ဘာ့ဘဏ်တို့မှ စီးပွားရေး ပညာရှင်များပူးပေါင်း၍ ပြုလုပ်ခဲ့သည့် လေ့လာမှုစစ်တမ်းတွင် ဖော်ပြထားပါကြောင်း သိရှိရပါသည်။ ဂျပန်နိုင်ငံ Nippon Steel က အမေရိကန်နိုင်ငံမှ U.S. Steel အား ဝယ်ယူမှုအပေါ် သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် ၎င်းသမ္မတဖြစ်လာပါက ခွင့်ပြုမည်မဟုတ်ဟုပြောကြားခဲ့ပြီး မက္ကဆီကို နိုင်ငံမှ Deere ကုမ္ပဏီ၏ လယ်ယာသုံးပစ္စည်းကိရိယာများ တင်သွင်းမှုအပေါ် အကောက်ခွန်နှုန်း (၂၀၀) ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံမည်ဟုလည်း ၂၃-၉-၂၀၂၄ ရက်တွင် ပြောကြားခဲ့ကြောင်းသိရှိရ ပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News