International News

အမေရိကန်ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရန် အမေရိကန်ဒေါ်လာ ဘီလီယံ (၁၀၀)အထိ အခွန်သက်သာခွင့်ပေးရန် သမ္မတလောင်း ကင်မလာဟဲရစ်ကတိပြု

Last Updated:

ရီပတ်ဘလစ်ကန်ပါတီသမ္မတလောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကင်မလာဟဲရစ်တို့သည် မဲဆန္ဒရှင်များ၏ ထောက်ခံမှုရရှိရန်အတွက် ၎င်းတို့၏ စီးပွားရေးမူဝါဒများကိုချပြကာ အပြိုင်အဆိုင်မဲဆွယ်စည်းရုံးလျက်ရှိကြရာ သမ္မတလောင်းကင်မလာဟဲရစ်က ၎င်း၏ စီးပွားရေးမူဝါဒအဖြစ် အမေရိကန်ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တင်ရန် အမေရိကန်ဒေါ်လာ   ဘီလီယံ (၁၀၀)အထိ   အခွန်သက်သာခွင့်ပေးသွားမည်ဖြစ်ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၂၅-၉-၂၀၂၄ ရက်တွင် “Harris Pledges $100 Billion in Tax Credits to Boost U.S. Manufacturing” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ကင်မလာဟဲရစ်က အမေရိကန်စီးပွားရေးတိုးတက်ရန် လက်တွေ့ကျသည့်ချဉ်းကပ်နည်းအဖြစ် စက်မှုလုပ်ငန်းများနှင့် လူလတ်တန်းစားများ၏ အခွင့် အလမ်းအပေါ် အလေးထားဆောင်ရွက်ရန် ပင်ဆဲလ်ဗေးနီးယားပြည်နယ်၊ Pittsburgh မြို့၌ မဲဆွယ်စည်းရုံးစဉ် ကတိပြုပြောကြားခဲ့ကြောင်း၊ သမ္မတလောင်းကင်မလာဟဲရစ်က စီးပွားရေးနှင့် အမျိုးသားလုံခြုံရေးအတွက် အဓိကအရေးပါသည့် မျိုးဆက်သစ်စက်မှုလုပ်ငန်းများအတွက် အခွန်သက်သာခွင့်ပေးရန် စီစဉ်ထားကြောင်း၊ အခွန်သက်သာခွင့်ရမည့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ဇီဝပစ္စည်းထုတ်စက်မှုလုပ်ငန်းများ၊ လေယာဉ်၊ အာကာသယာဉ်နှင့် ဒုံးယာဉ်စသည့်တည်ဆောက်မှုစက်မှုလုပ်ငန်းများ၊ ဉာဏ်ရည်တုနှင့် Quantum Computing ကဏ္ဍများအပါအဝင် စက်မှုနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း၊ အခွန်သက်သာခွင့်ပေးမည့် အမေရိကန်ဒေါ်လာ ဘီလီယံ (၁၀၀)အတွက် အမေရိကန်ကုမ္ပဏီများ၏ နိုင်ငံခြားရငွေအပေါ် ကောက်ခံသည့်အခွန်ဖြင့် ပေးချေသွားမည်ဖြစ်သည် သမ္မတလောင်း ဟဲရစ်၏ စီးပွားရေးအကြံပေးများက ဆိုကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မက်လုံးများသည် စက်မှုလုပ်ငန်းများပြန်လည်ရှင်သန်လာစေရန်နှင့် တည်ရှိပြီးစက်မှုလုပ်ငန်းများ ပြန်လည်တည်ဆောက်နိုင်ရန်၊ လုပ်ခလစာနှင့် အလုပ်သမားသမဂ္ဂများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လာရန် ရည်ရွယ်ကြောင်း၊ ၎င်း၏မဲဆွယ်စည်းရုံးမှုအစီအစဉ်၌ စာမျက်နှာ (၈၀)ပါ စီးပွားရေး မူဝါဒကို ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

သမ္မတလောင်းဒေါ်နယ်ထရမ့်က ၎င်းအားမက်စ်ဝါဒီတစ်ဦးဖြစ်သည်ဟု ဝေဖန်မှုအပေါ်တုံ့ပြန် သည့်အနေဖြင့် သမ္မတလောင်း ကင်မလာဟဲရစ်က ၎င်းသည် လွတ်လပ်ပြီး မျှတသောဈေးကွက်စနစ် ကို ယုံကြည်သည့် အရင်းရှင်ဝါဒီတစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။

သမ္မတလောင်းနှစ်ဦးအနေဖြင့် အလုပ်သမားလူတန်းစား မဲဆန္ဒရှင်များကို အဓိကပစ်မှတ်ထားကာ မဲဆွယ်စည်းရုံးလျက်ရှိပြီး အလုပ်သမားသမဂ္ဂအများစုမှာ သမ္မတလောင်း ကင်မလာဟဲရစ် ကို ထောက်ခံလျက်ရှိကြကြောင်း၊ သို့ရာတွင် ကုန်တင်သင်္ဘောနှင့် ရထားမောင်းသူများနှင့် သိုလှောင်ရုံ အလုပ်သမား အဖွဲ့ဝင် (၁.၃)သန်းပါဝင်သည့် Teamster အလုပ်သမားသမဂ္ဂက သမ္မတလောင်းနှစ်ဦး အား မည်သူ့ကိုမျှထောက်ခံမှုမပြုဘဲကြားနေမည်ဟု ကြေညာခဲ့ကြောင်း သိရှိရပါသည်။

သမ္မတလောင်း ကင်မလာဟဲရစ်က လူလတ်တန်းစားများအတွက် အခွင့်အလမ်းများရှိသည့် စီးပွားရေးစနစ်ဟု ၎င်းကခေါ်ဆိုသည့် “Opportunity Economy” စနစ်ကို ကျင့်သုံးသွားမည်ဟုဆိုပြီး စရိတ်များလျှော့ချခြင်း၊ အမေရိကန်နိုင်ငံ၏တီထွင်ဆန်းသစ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခြင်းနှင့် အနာဂတ် စက်မှုလုပ်ငန်းကဏ္ဍ၌ အမေရိကန်နိုင်ငံက ဦးဆောင်နိုင်ရေးတို့ကို အဓိကဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်းနှင့် ၎င်းအနေဖြင့် ဒီမိုကရက်တစ်ပါတီ၏ သမ္မလောင်းရွေးကောက်မှုကို လက်ခံစဉ်ကပင်ပြောကြားခဲ့သည့် ပထမအကြိမ်အိမ်ဝယ်သူများအား Down payment အဖြစ် အမေရိကန်ဒေါ်လာ (၂၅,၀၀၀) ထောက်ပံ့ခြင်း၊ မွေးကင်းစကလေးငယ်များရှိသည့် မိသားစုများ အတွက် အခွန်သက်သာခွင့် အမေရိကန်ဒေါ်လာ (၆,၀၀၀) ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News