International News

တရုတ်နိုင်ငံသည် လျှပ်စစ်မော်တော်ယာဉ်(EV)အပေါ် ဥရောပသမဂ္ဂ၏ အခွန်စည်းကြပ်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်

Last Updated:

တရုတ်နိုင်ငံမှ လျှပ်စစ်ကားများတင်သွင်းမှုအပေါ် countervailing duties များ စည်းကြပ်မည့် ဥရောပသမဂ္ဂ၏အစီအစဉ်သည် ဥရောပတွင်တရုတ်ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုအား နည်းစေပြီး ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော စက်မှုလုပ်ငန်းတိုးတက်မှုကို နှောင့်နှေးစေဖွယ်ရှိကြောင်း ဈေးကွက်စောင့်ကြည့်သူများနှင့် စက်မှုလုပ်ငန်းခေါင်းဆောင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဥရောပကော်မရှင်သည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော EV ကားများပေါ်တွင် သွင်းကုန်ခွန် (၃၆.၃)ရာခိုင်နှုန်းအထိ စည်းကြပ်ရန်စီစဉ်ထားပြီး အရေးယူဆောင်ရွက်မှုသည် (၅)နှစ်သက်တမ်းရှိမည်ဖြစ်ကြောင်းနှင့် နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရှိရပါ သည်။

အီးယူ၏ ဆောင်ရွက်ချက်နှင့်စပ်လျဉ်း၍ တရုတ်ကုမ္ပဏီများ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန်လိုအပ်သည့်အစီအမံများအားလုံးကို လုပ်ဆောင်မည်ဟု တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ နို့ထွက်ပစ္စည်းလုပ်ငန်းများ၏ အကျိုးစီးပွားကိုကာကွယ်ရန်အတွက် အီးယူအဖွဲ့ဝင်နိုင်ငံများမှတင်သွင်းလာသည့် အချို့သောနို့ထွက်ပစ္စည်းများကို တရုတ်နိုင်ငံမှ Anti-subsidy ဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုစတင်သွားမည်ဟု ဝန်ကြီးဌာနကတန်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါ သည်။

ဝန်ကြီးဌာနသည် လျှောက်ထားသူများ၏ အချက်အလက်များ၊ စုံစမ်းစစ်ဆေးမည့် ထုတ်ကုန်များနှင့် ပြည်တွင်းစက်မှုလုပ်ငန်းအပေါ် ဤထုတ်ကုန်များ၏ အကျိုးသက်ရောက်မှုနှင့် ပတ်သက်သည့်အသေးစိတ် အချက်အလက်များကို  ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

လျှပ်စစ်ကားများအပေါ် အခွန်စည်းကြပ်မှုဆုံးဖြတ်ချက်သည် နှစ်ဦးနှစ်ဖက်အသိအမှတ်ပြုသည့်အချက်များထက် အီးယူဘက်က တစ်ဖက်သတ်ဆုံးဖြတ်ထားသည့် အချက်အလက်များအပေါ် အခြေခံထားကြောင်း၊ တရုတ်က ၎င်းကို ပြတ်ပြတ်သားသားကန့်ကွက်ပြီး အဆိုပါလုပ်ဆောင် ချက်နှင့်ပတ်သက်၍ အလွန်စိုးရိမ်ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အွန်လိုင်းထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဇွန်လကုန်မှစတင်၍ တရုတ်နှင့် အီးယူတို့သည် လျှပ်စစ်ကားပြဿနာနှင့်ပတ်သက်၍ နည်းပညာဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှု (၁၀)​​ကြိမ်ကျော် ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးဌာနမှ သိရှိရပါ သည်။

တရုတ်အစိုးရ၊ အသင်းအဖွဲ့များနှင့် လျှပ်စစ်ကားထုတ်လုပ်သူများသည် ဇူလိုင်လအစော ပိုင်းကတည်းက ဥရောပကော်မရှင်နှင့် ဆက်သွယ်ညှိနှိုင်းရန် ကြိုးပမ်းခဲ့သော်လည်း ဥရောပကော်မရှင်သည် တရုတ်ကားထုတ်လုပ်သူများအပေါ် မူလအဆိုပြုထားသော သွင်းကုန်ခွန်ကို ဆက်လက်ထားရှိခဲ့ကြောင်း သိရှိရပါသည်။

စပိန်၊ ပြင်သစ်၊ အီတလီနှင့် ပိုလန်တို့ကဲ့သို့ ဥရောပနိုင်ငံအများအပြားသည် တရုတ်ရင်းနှီး မြှုပ်နှံမှုများကိုဆွဲဆောင်ရန် စိတ်အားထက်သန်နေကြသော်လည်း ဥရောပသမဂ္ဂ၏ ဆုံးဖြတ်ချက်သည် တရုတ်ရင်းနှီးမြှုပ်နှံသူများအကြား စျေးကွက်နှင့် မူဝါဒရေးရာပိုင်းတွင် စိုးရိမ်ပူပန်မှုများ တိုးလာစေမည်ဖြစ်ကြောင်း China Chamber of Commerce for Import and Export of Machinery and Electronic Products (CCCME) ၏ ဒုတိယဥက္ကဋ္ဌ Shi Yonghong က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

အထူးသဖြင့် EV ကုမ္ပဏီများ၊ ပါဝါဘက်ထရီနှင့် မော်တော်ယာဥ်အစိတ်အပိုင်းလုပ်ငန်းများတွင် တရုတ်ကုမ္ပဏီများ၏ အနာဂတ်ရင်းနှီးမြှုပ်နှံမှုအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ ကားထုတ်လုပ်သူ BYD သည် ယခုနှစ်တွင် ဥရောပရှိအခြားနေရာများတွင် ရင်းနှီးမြှုပ်နှံခြင်းထက် တူကီယဲနိုင်ငံတွင် စက်ရုံတည်ဆောက်ရန် အမေရိကန်ဒေါ်လာ (၁)ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း တူကီယဲစက်မှုနှင့် နည်းပညာဝန်ကြီးဌာနမှ ဇူလိုင်လအစောပိုင်းတွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရကြောင်းနှင့် စက်ရုံသည်နှစ်စဉ် ကားအစီး ရေ (၁၅၀,၀၀၀) ထုတ်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

တူကီယဲနိုင်ငံ၏ EU Customs Union တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ခြင်းသည် ၎င်းတို့ထုတ်လုပ်သော မော်တော်ယာဉ်များကို အခွန်အခများမပေးဘဲ အီးယူနိုင်ငံများသို့ တင်ပို့နိုင်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

Brussels အခြေစိုက် Electromobility for European Association ၏ ဥက္ကဌ Maciej Mazur က တရုတ် EV များအပေါ် အီးယူ၏ စည်းကြပ်ခွန်များကောက်ခံခြင်းသည် ဥရောပ၌ EV စျေးနှုန်းများမြင့်တက်စေကာ ဥရောပသုံးစွဲသူများနှင့် ကားထုတ်လုပ်သူများကိုထိခိုက်စေပြီး တရုတ်နှင့် အီးယူစီးပွားဆက်ဆံရေးတွင် သဘောထားကွဲလွဲမှုများ ဖြစ်စေမည်ဖြစ်ကြောင်း ဇူလိုင်လနှောင်းပိုင်းတွင် ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Source: https://www.chinadaily.com.cn/a/202408/22/WS66c67708a31060630b 92447a. html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News