International News

၂၀၂၄ ခုနှစ်၏ ပထမနှစ်ဝက်တွင် ထိုင်းနိုင်ငံ ဆန်တင်ပို့မှု ၂၅%‌ မြင့်တက်

Last Updated:

 အဓိကဈေးကွက်များထံမှ ဝယ်လိုအားနှင့် ဘတ်ငွေတန်ဖိုးအားပျော့မှုတို့ ကျေးဇူးကြောင့် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် မူလခန့်မှန်းထားသည့် ဆန်တန် ၇.၅ သန်းကို ကျော်လွန်၍ ဆန် တန်ချိန် ၈.၂ သန်းကို ပြည်ပသို့တင်ပို့နိုင်မည်ဟု မျှော်လင့်ရကြောင်း ထိုင်းနိုင်ငံ စီးပွားကူးသန်းဝန်ကြီးဌာနအဆိုအရ သိရပါသည်။ ထိုင်းနိုင်ငံ ပြည်ပကုန်သွယ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ronnarong Phoolpipet က ယခုနှစ်၏ ပထမနှစ်ဝက်တွင် ဆန်တန်ချိန် ၅.၀၈ သန်း တင်ပို့ခဲ့ရာမှ ဘတ် ၁၁၇.၈ ဘီလီယံရရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် တူညီသည့်ကာလကထက် ၂၅.၁% အသီးသီးမြင့်တက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်. ဆန်တင်သွင်းသူများသည် စားသုံးရန် နှင့် စားနပ်ရိက္ခာဖူလုံစေရေးအတွက် သိုလှောင်ထားရန်အတွက် တင်သွင်းရန် အလိုရှိကြကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။ အိန္ဒိယနိုင်ငံ၏ ဆန်တင်ပို့မှု ကန့်သတ်ခြင်း နှင့် တစ်ဒေါ်လာ ကို ၃၆-၃၇ ဘတ်အထိ တန်ဖိုးကျဆင်းမှုကလည်း ထိုင်းဆန်ဈေးနှုန်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆက်လက်ထိန်းသိမ်းရန် ကူညီစေခဲ့ကြောင်း သိရပါသည်။ ဌာနအနေနှင့်လည်း ထိုင်းနိုင်ငံဆန်တင်ပို့သူများ အသင်းနှင့် ဒုတိယနှစ်ဝက်အတွက် ဆန်တင်ပို့မှုအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးရန် ဇူလိုင်လ ၂၅ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အပါအဝင် ထိုင်းနိုင်ငံ၏ အဓိကတင်ပို့သည့် ဈေးကွက်များမှာ ငွေကြေးဖောင်းပွမှုနှင့် မိုးခေါင်ခြင်းတို့ကြောင့် ဆန်ဝယ်လိုအား ဆက်လက်မြင့်တက်ရန်ရှိကြောင်း သိရပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဩဂုတ်လ အစောပိုင်းကာလမှ စတင် သက်ရောက်ပြီး ၂၀၂၈ ခုနှစ်အထိ ကြာမြင့်မည့် ဆန်တင်သွင်းသည့် အကောက်ခွန်ကို ၃၅% မှ ၁၅% ထိ လျှော့ချမည်ဟု တရားဝင်ကြေညာထားကြောင်း သိရပါသည်။ Mr. Ronnarong က ယခုနှစ်တွင် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့သည် ၎င်းတို့၏ ဆန်တင်သွင်းမှုကို တန်ချိန် ၄.၇ သန်းနှင့် တန်ချိန် ၃.၆ - ၄.၃ သန်း အသီးသီးမြင့်တက်မည်ဟု မျှော်လင့်ရကြောင်းနှင့် ထိုင်းအပါအဝင် ဆန်တင်ပို့သည့် နိုင်ငံများအတွက် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း  ပြောကြား ခဲ့ပါသည်။ သို့သော် ယခုနှစ် ဒုတိယနှစ်ဝက်အတွက် ထိုင်းနိုင်ငံဆန်တင်ပို့ရာတွင် များစွာသော စွန့်စားရနိုင်သည့်အချက်များ ရှိနေကြောင်း သိရပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံက ဆန်တင်ပို့ရာတွင် ကန့်သတ်ထားမှုအား ပြန်လည်ဆန်းစစ်နိုင်ချေရှိခြင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာနှင့် ကမ္ဘောဒီယားတို့တွင် ဆန်ထုတ်လုပ်မှုမြင့်တက်လာသည့်အတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့နိုင်စွမ်းမြင့်တက်လာပြီး ဈေးနှုန်းယှဉ်ပြိုင်ရမှု မြင့်တက်လာနိုင်ခြင်းနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများ ဖြစ်ပေါ်နေခြင်းနှင့် သင်္ဘောတင်ပို့နှုန်းများ မြင့်တက်လာခြင်း အစရှိသည့်အချက်များ ပါဝင်ကြောင်း သိရပါသည်။ ထိုင်းနိုင်ငံဆန်တင်ပို့မှုအခြေအနေသည် ကောင်းမွန်နေလျက်ရှိနေသေးပြီး တင်ပို့သူများသည် ပမာဏများပြားသည့် ဆန်များကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့်  မလေးရှားတို့ပါဝင်သော အာဆီယံနိုင်ငံများနှင့် အရှေ့အလယ်ပိုင်းစသည့် ဒေသ များသို့ ဖြန့်ဖြူးလျက်ရှိကြောင်း သိရပါသည်။ Mr. Ronnarong က ဌာနအနေဖြင့် ဆန်တင်ပို့မှု အရှိန်မြှင့်တင်ရန်အတွက် သက်ဆိုင်ရာအစိုးရ ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်း ပါဝင်သော ပုဂ္ဂလိကကဏ္ဍများနှင့် နီးကပ်စွာ အလုပ်လုပ်သွားရန် အဆင်သင့်ဖြစ်နေကြောင်း ပြေားကြား ခဲ့ပါသည်။ ဌာနအနေဖြင့်လည်း တောင်အာဖရိက၊ ဟောင်ကောင်၊ ဂျပန်၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင်အစရှိသည့် အဓိကဈေးကွက်များတွင် ဆန်ဈေးကွက်ထပ်မံတိုးချဲ့၍ ရင်းနှီးကျွမ်းဝင်မှု အားကောင်းရန်အတွက် အစီအစဉ်များရှိနေပြီး ကမ္ဘာလုံးဆိုင်ရာဈေးကွက်သို့ ထိုင်းဆန်ကြေညာမြင့်တင်ရန် များစွာသော ကုန်စည်ပြပွဲများတွင် ပါဝင်သွားမည်ဖြစ်ကြောင်း သိရပါသည်။

Source: Bangkok Post

Source: https://www.doca.gov.mm

Category: International News