International News

တရုတ်နိုင်ငံက စီးပွားရေးမြှင့်တင်ရန် မူဝါဒသစ်များချမှတ်ခဲ့

Last Updated:

တရုတ်နိုင်ငံသည် စတုတ္ထသုံးလပတ်တွင် စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် တန်ပြန်ပြုပြင်ပြောင်းလဲနိုင်မည့် မေခရိုမူဝါဒသစ်ချမှတ်မှုများ အရှိန်မြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ် စီးပွားရေးတိုးတက်မှုရည်မှန်းချက် ၅ ရာခိုင်နှုန်းဝန်းကျင်ကို အောင်မြင်စွာ ရရှိရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်ချမှတ်မည်ဖြစ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

မကြာမီကထုတ်ပြန်ခဲ့သည့် စီးပွားရေးလှုံ့ဆော်မှုအစီအစဥ်တွင် စျေးကွက်ယုံကြည်မှုနှင့် မျှော်လင့်ချက်များ သိသာစွာမြှင့်တင်ပေးခဲ့သောကြောင့် ရင်းနှီးမြှုပ်နှံသူများက မူဝါဒအသစ်ဆိုင် ရာ အချက်အလက်များကို စောင့်ကြည့်လျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ထိရောက်စွာ ချဲ့ထွင် ရန်၊ စားသုံးမှုတွန်းအားပေးရန်နှင့် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် အဓိကအာရုံစိုက် ဆောင် ရွက်မည့် မူဝါဒသစ် တစ်ရပ်ကို မကြာမီမိတ်ဆက်ဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက ပြော ကြားခဲ့သည်ဟုလည်း သိရှိရပါသည်။

ဝါရှင်တန်ဒီစီတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဘဏ်၏ ၁၁၀ ကြိမ်မြောက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အစည်းအဝေး၌ တရုတ်နိုင်ငံ၏ အားကောင်းသည့် စီးပွားရေးလှုံ့ဆော်မှုအစီအစဉ်ကို ဘဏ္ဍာရေး၊ ဒုတိယ၀န်ကြီး Liao Min က အလေးပေးပြောကြားခဲ့ကြောင်း၊ ဒေသန္တရ အစိုးရကြွေးမြီများဖြေရှင်းရန်၊ အိမ်ခြံ မြေဈေးကွက်တည်ငြိမ်စေရန်၊ အဓိကကျသောအုပ်စုများ၏ ၀င်ငွေတိုးမြင့်လာစေရန်၊ လူတို့၏အသက် မွေးဝမ်းကြောင်းမြှင့်တင်ရန်၊ စက်ပစ္စည်းကိရိယာများ အဆင့်မြှင့်တင်ရန်နှင့် လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှုတွန်းအားပေးဆောင်ရွက်ရန်စသည့် ခိုင်မာသောအစီအမံများဖြင့် ဘဏ္ဍာရေးမူဝါဒဆိုင်ရာ တန်ပြန်ပြုပြင်ပြောင်းလဲမှုများကို အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူမှုရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် စားသုံးမှုကို တွန်းအား ပေးဆောင်ရွက်ရန် အစိုးရအသုံးစရိတ်ကို အသုံးချသည့်နည်းလမ်းဖြင့် ထိရောက်သောဝယ်လိုအား တိုးလာစေရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်ပြန်ကြားရေးဌာန၏ စီးပွားရေးခန့်မှန်းချက်ဌာန၊ Macroeconomic Research Office မှ လက်ထောက်ညွှန်ကြားရေးမှူး Zou Yunhan က တရုတ်နိုင်ငံ၏ စီးပွားရေးသည် တိုးမြင့်လာမည့် မူဝါဒ အစီအစဥ်အရ စတုတ္ထသုံးလပတ်တွင် အရှိန်တိုးတက်လာနိုင်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများ ဆက်လက်ဆောင်ရွက်နေပြီး ဆန်းသစ်တီထွင်သည့် နည်းပညာမြှင့်တင်မှုဆိုင်ရာ ခြေလှမ်းများပိုမိုအား ကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်ဟု သိရှိရပါသည်။

ဝါရှင်တန်တွင် ကျင်းပတဲ့ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းအဖွဲ့များအကြား အစည်းအဝေးတွင် အမေရိကန်က စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုအပေါ် တရုတ်နိုင်ငံအနေဖြင့် စိုးရိမ်ကြောင်း၊ နှစ်နိုင်ငံ မေခရိုစီးပွားရေးအခြေအနေများ၊ မူဝါဒများနှင့်ပတ်သက်၍ နက်ရှိုင်း၍ လက်တွေ့ကျကာ အပြုသဘောဆောင်သည့် ဆွေးနွေးပွဲများ၊ ကမ္ဘာ့စိန်ခေါ်မှုများ တုံ့ပြန်ဆောင်ရွက်ခြင်းအပါအဝင် ဝင်ငွေနည်းပါးသည့် နိုင်ငံများ၏ liquidity challenge များ ရင်ဆိုင်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဆက်သွယ်ဆောင်ရွက်ရန်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

တရုတ်အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအသင်းဥက္ကဋ္ဌ Jin Xu က အမေရိကန်မှ ဆောင်ရွက်လျက်ရှိ သည့် စက်မှုလုပ်ငန်းနှင့်ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာမူဝါဒများ(decouple and sever industrial and supply chains၊ small yards with high fences) စသည်တို့မှာ နောက်ဆုံးတွင် အမေရိကန်စီးပွားရေးလုပ်ငန်းများ၊ ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေး ကွင်းဆက်များကို ထိခိုက်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။

တရုတ်နိုင်ငံ၏ နည်းပညာစွမ်းဆောင်နိုင်မှု၊ ခိုင်မာသည့် စက်မှုအခြေခံအုတ်မြစ်နှင့် အစိုးရ၏ပံ့ပိုး ကူညီမှုများဖြင့် နည်းပညာဆိုင်ရာ တားဆီးမှုများကို ကျော်လွှားရန် ကောင်းမွန်သည့် အနေအထားတွင် ရပ်တည်လျက်ရှိကြောင်း၊ Chips သို့မဟုတ် AI စသည်တို့တွင် တရုတ်နိုင်ငံက အစွမ်းကုန်အောင်မြင်မှုများ ဆောင်ရွက်နိုင်မည်ဟုယုံကြည်ကြောင်း၊ တရုတ်နိုင်ငံသည် စက်မှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကာလသစ်ကို ဦးဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်ပြန်ကြားရေးဌာန၏ တာဝန်ရှိသူမှပြောကြား ထားကြောင်း သိရှိရပါသည်။

အမျိုးသားစာရင်းအင်းဗျူရို၏ အချက်အလက်များအရ တရုတ်နိုင်ငံသည် တည်ငြိမ်စွာဖြင့် စီးပွားရေးပြန်လည်ဦးမော့နိုင်သည့် လမ်းကြောင်းတွင်ရှိသော်လည်း အဓိကစက်မှုလုပ်ငန်း ကုမ္ပဏီများ၏ အမြတ်မှာ ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ယခင်နှစ်ကာလတူထက်  ၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စီးပွားရေးတွင် အဓိကရင်ဆိုင်နေရသော ၀ယ်လိုအား နည်းပါးမှု ဆိုင်ရာ စိန်ခေါ်မှုများရှိခဲ့ကြောင်းနှင့် လက်ရှိမူဝါဒများနှင့်မူဝါဒသစ်များ တိုးမြှင့်၍ အရှိန်အဟုန် ဖြင့် အကောင်အထည်ဖော်ရန် ပိုမိုကြိုးပမ်း ဆောင်ရွက်သင့်သည်ဟု NBS စာရင်းအင်းပညာရှင် Yu Weining မှပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်လူမှုရေးသိပ္ပံအကယ်ဒမီ၏ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ Institute of Finance and Banking မှ တွဲဖက်သုတေသီ Cao Jing က အစိုးရသည် လူမှုဖူလုံရေးကဏ္ဍများတွင် ဘဏ္ဍာရေး အသုံး စရိတ်တိုးမြှင့်ရန် အထူးငွေတိုက်စာချုပ်များထုတ်ပေးခြင်း၊ အဓိကကဏ္ဍများ၊ အုပ်စုများ (ဝန်ဆောင်မှု ကဏ္ဍများ၊ အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ နှင့် တက္ကသိုလ်ဘွဲ့ရများ အပါအဝင်) အတွက်ပံ့ပိုးကူညီမှုများတိုးမြှင့်သင့်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် စားသုံးသူများကို  ပိုမိုသုံးစွဲ ရန်တွန်းအားပေးနိုင်ပြီး စီးပွားရေး မျှော်မှန်းချက်များ တည်ငြိမ်စေရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိ ရပါသည်။

Source: https://www.chinadaily.com.cn/a/202410/28/WS671ec767a310f1265a1c9daf.html

စီးပွားရေးသံမှူး ၊ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ

 

Category: International News