International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့သည် ၎င်းတို့၏စီးပွားရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံမှုကို ယခင်အပတ်မှစတင်တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းသည် စီးပွားရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရေးအတွက် အထောက်အကူဖြစ်ခဲ့ပြီး နှစ်နိုင်ငံလုံး၌ ကူးသန်းရောင်းဝယ်မှု အခွင့်အလမ်းများပိုမိုဖန်တီးနိုင်မည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များကပြောကြားခဲ့ကြောင်းသိရှိရပါသည်။
တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Mr. Wang Wentao နှင့် ဩစတြေးလျကုန်သွယ်ရေးဝန်ကြီး Mr. Dan Farrell တို့သည် သောကြာနေ့က ပေကျင်းမြို့တွင်ပြုလုပ်ခဲ့သော ၁၆ ကြိမ်မြောက်တရုတ်-ဩစတြေးလျဝန်ကြီးအဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကော်မရှင်၌ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်းသိရှိရပါသည်။

အဆိုပါအစည်းအဝေးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် တရုတ်နိုင်ငံအတွင်း ဘုံအကျိုးစီးပွားဖြစ်ထွန်းစေရေး ပိုမိုချဲ့ထွင်ဆောင်ရွက်ရန်နှင့် တန်းတူညီမျှဆောင်ရွက်မှုကို အခြေခံကာ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်အကျိုး စီးပွားတိုးတက်စေရေးဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

Mr. Farrell ကလည်း နှစ်နိုင်ငံဆွေးနွေးညှိနှိုင်း၍ ၎င်းတို့၏လက်ရှိလွပ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက်များနှင့် အခြားဆောင်ရွက်လျက်ရှိသည့် နည်းလမ်းများအောက်တွင်ညှိနှိုင်း၍ နှစ်နိုင်ငံကုန်သွယ်မှုတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရန်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

နှစ်နိုင်ငံဝန်ကြီးများသည် ရာသီဥတုပြောင်းလဲခြင်း၊ ဒစ်ဂျစ်တယ်ကုန်သွယ်မှု၊e-commerce နှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ပြုပြင်ပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

ယခုအစည်းအဝေးသည် ၂၀၁၉ ခုနှစ်ကတည်းကနှစ်နိုင်ငံကုန်သွယ်မှုနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးများအကြား လူပုဂ္ဂိုလ်ချင်းတွေ့ဆုံသည့် ပထမဆုံးအကြိမ်အစည်းအဝေးဖြစ်ပြီး ၂၀၁၇ ခုနှစ်က ပေကျင်းတွင် နောက်ဆုံးအကြိမ်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

နှစ်နိုင်ငံအကြား စေ့စပ်ညှိနှိုင်းမှုအသစ်များဆောင်ရွက်ခဲ့ခြင်းက နှစ်နိုင်ငံစီးပွားရေးခိုင်မာစွာတိုးတက်ရေးအတွက် ထင်ရှားသည့်အချက်ဖြစ်ကြောင်း ပေကျင်းအခြေစိုက် Chinese Academy of International Trade and Economic Cooperation ၏ စီနီယာသုတေသနပညာရှင် Dr. Zhuo Mi မှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

အဆင့်မြင့်အရာရှိကြီးများအဆင့်ဆွေးနွေးမှုသည် အဖွဲ့အစည်းများအတွက် စီးပွားရေးဆိုင်ရာအာမခံချက်များ၊ ယုံကြည်မှုများဖြစ်ပေါ်စေပြီး တည်ငြိမ်မှုတည်ဆောက်နိုင်ကြောင်းထပ်လောင်း ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

၂၀၂၂ခုနှစ်တွင်တရုတ်-ဩစတြေးလျကုန်သွယ်မှုမှာ ယခင်နှစ်ကာလတူထက်၄ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်းတရုတ်အကောက်ခွန်ဌာန၏ဖော်ပြချက်အရသိရှိရပါသည်။

သို့ရာတွင် ၎င်းတို့၏ စုစုပေါင်းကုန်သွယ်မှု တန်ဖိုးမှာ ပထမသုံးလပတ်ကာလအတွင်း ယခင်နှစ် ကာလတူထက် ၁၁  ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၅၈.၇၄ ဘီလီယံ)  နီးပါးမြင့်တက်လာကြောင်းသိရှိရပါသည်။

ယခုကာလအတွင်း နိုင်ငံခြားကုန်သွယ်မှုဆိုင်ရာအချက်အလက်များအရ တရုတ်-ဩစတြေးလျကုန်သွယ်မှုနှင့် စီးပွားရေးဆက်ဆံမှုအနေအထားမှာ တိုးတက်လာမည့်အလားအလာများရှိပြီး ဂျုံ၊ဝါဂွမ်း၊ သံသတ္တုရိုင်းနှင့် ကျောက်မီးသွေးများ ဩစတြေးလျနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မှုမြင့်တက်လာခဲ့ကြောင်း ရှန်ဟိုင်းမြို့ရှိ East China Normal University, Australian Studies Center မှ ဒါရိုက်တာ၏ပြောဆိုချက်အရသိရှိရပါသည်။

ကမ္ဘာ့အကျပ်အတည်းများကြောင့် ဩစတြေးလျနိုင်ငံ၏ စီးပွားရေးသက်ရောက်မှုနှင့် လူဦးရေပမာဏနည်းပါးခြင်းကြောင့် အလုပ် သမားဈေးကွက်နှင့် ထုတ်လုပ်မှုကဏ္ဍကျဆင်းမှုများအတွက် တရုတ်နိုင်ငံသည် ကူညီနိုင်မည့်အကောင်းဆုံး မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ပေကျင်းရှိ China Center for International Economic Exchanges ၏ Deputy Chief economist မှ ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

ဩစတြေးလျနိုင်ငံရှိ သံသတ္တုရိုင်းလုပ်ငန်းရှင် Rio Tinto CEO, Mr. Jakob Stausholm, သံသတ္တုရိုင်းကဏ္ဍအတွက် ကာလတိုအတွင်းကောင်းမွန်မှုများဖြစ်လာနိုင်ကြောင်း၊အကြောင်းမှာ တရုတ်နိုင်ငံ၏ သံသတ္တုရိုင်းဝယ်လိုအား မြင့်တက်လာခြင်းနှင့် တိုက် ရိုက်ချိတ်ဆက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းကိုအခြေခံ၍ Rio Tinto အနေဖြင့် တရုတ်နိုင်ငံက မျှော်မှန်းထားသည့် ၂၀၂၃ ခုနှစ် GDP တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းသို့ ရောက်ရှိမည်ဟု ယုံကြည်ပါကြောင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏ပါဝင်မှုမှာလည်း ထင်ရှားလာမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ဩစတြေးလျနိုင်ငံရှိ မွေးကင်းစကလေးသောက်သုံးသည့် နို့မှုန့်နှင့်ကလေးဖြည့်စွက်စာများ ထုတ်လုပ်သည့် Bellang’s Organic မှ ယခုကဲ့သို့ ဆက်လက်ဆောင်ရွက်ပါက တရုတ်နိုင်ငံတွင် ၎င်း၏ရောင်းလိုအုားတိုးမြှင့်ရန် ဈေးကွက်ရှာဖွေနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။ အဆိုပါကုမ္ပဏီအနေဖြင့် ၎င်းနှင့်မျိုးဆက်သစ်ငယ်ရွယ်သည့် မိခင်များအကြားကွာဟမှုကို လျော့ချနိုင်ရေးအတွက် မီဒီယာဈေးကွက်သစ်၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများနှင့် ပုဂ္ဂလိကပိုင်ဆိုင်သည့် ဈေးကွက်များမှတဆင့် ဈေးကွက်ရရှိရေးကြိုးပမ်းမည်ဖြစ်ကြောင်းသိရှိရပါသည်။

တရုတ်နိုင်ငံရှိ အဆိုပါကုမ္ပဏီ၏ ဈေးကွက်အထွေထွေမန်နေဂျာဖြစ်သူက ဈေးကွက်တွင် midrange and high-end formula နို့မှုန့်များ၊ မုန့်များနှင့် ဖြည့်စွက်စာများစသည်ဖြင့် ပစ္စည်းအမယ်များစွာထုတ်လုပ်နိုင်မည့်အရင်းအမြစ်များရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 


Source: https://www.chinadaily.com.cn/a/202305/16/WS6462bc82a310b6054fad3168.html

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: International News