International News

ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှု နှေးကွေးနေသော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ပို့ကုန်မျှော်မှန်းချက်ကို ထိန်းထားဆဲဖြစ်

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်မိတ်ဖက်နိုင်ငံများထံမှ ကုန်စည်မှာယူမှုများ နှောင့်နှေးနေသောကြောင့် မေလအတွက် ပို့ကုန်အလားအလာသည် အနုတ်ဘက်သို့ ပြနေသော်လည်း ယခုနှစ် ဒုတိယနှစ်ဝက် တွင် ပို့ကုန်တိုးတက်မှု ၁-၂ ရာခိုင်နှုန်းထိ မျှော်မှန်းထားသည့် ၎င်းတို့၏ မျှော်မှန်းချက်အား ထိန်းထား ဆဲဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားလိုက်ပါသည်။

ငွေကြေးဖောင်းပွမှုနှုန်း သက်သာလာခဲ့သော်လည်း အမြင့်တွင်ရှိနေဆဲဖြစ်ကြောင်း၊ နိုင်ငံအများစုက တင်းကြပ်သော ငွေကြေးမူဝါဒများကို လက်ခံကျင့်သုံးနေကြပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပြန်လည်ကောင်းမွန်လာမှုသည် ထိုင်းနိုင်ငံ၏ ပို့ကုန်များအတွက် အလွန်ကောင်းမွန်ပါကြောင်း၊ မိုးခေါင်မှုနှင့် ခန့်မှန်း၍မရနိုင်သော ရာသီဥတုအခြေအနေများကြောင့် နိုင်ငံအများစုသည် အစားအစာ ဖူလုံမှုကို ဦးစားပေးလာခဲ့ကြပြီး ယင်းအချက်သည် ထိုင်းနိုင်ငံ၏ လယ်ယာထွက်ကုန်များ တင်ပို့နိုင်ရန်အတွက် အခြေအနေကောင်းများ ဖန်တီးပေးလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းဇယားများအရ ၂၀၂၃ ခုနှစ် ပထမ ၄ လ၏ ပို့ကုန် တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၂ ဘီလီယံဖြစ်ပြီး သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉၆.၅ ဘီလီယံဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄.၅၁ ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

ဧပြီလအတွင်း ထိုင်းနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဒူးရင်းသီး တင်ပို့နိုင်မှု၏ မှတ်ကျောက်တင်နိုင်သည့် တိုးတက်မှုနှုန်း၊ ဆန်နှင့် အခြားအစားအသောက်များ၏ တင်ပို့မှု အခြေအနေများသည် ကောင်းမွန်လျက်ရှိကြောင်း၊ အမေရိကန်၏ ဈေးကွက်ကျုံ့သွားသဖြင့် ယင်းနိုင်ငံ သို့ တင်ပို့လျက်ရှိသော စက်မှုလုပ်ငန်းသုံးကုန်စည်များ ဖြစ်သည့် Hard disk drive များ၊ လျှပ်စစ် ပစ္စည်းများ၊ ပလတ်စတစ် အလုံးများ၊ ဓာတုပစ္စည်းများနှင့် အထည်အလိပ်များတင်ပို့မှု ကျဆင်းခဲ့ပါကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။         

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkokpost.gov   

Category: International News