International News

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် ဂျပန်၊ ကိုရီးယားနှင့် ဥရောပသမဂ္ဂတို့၏ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးများနှင့် တွေ့ဆုံခဲ့

Last Updated:

 အမေရိကန်-ဂျပန်-ကိုရီးယား ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးများ အစည်းအဝေး ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၌ ၂၆-၆-၂၀၂၄ ရက်တွင်ကျင်းပခဲ့ပြီး အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Saito Ken နှင့် ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး၊စက်မှုနှင့်စွမ်းအင်ဝန်ကြီး Mr. Ahn Duk-geun တို့တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။ သုံးနိုင်ငံပါဝင်သည့်အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အရေးကြီးနည်းပညာများနှင့် ထွန်းသစ်စနည်းပညာများ တိုးတက်ရေးကို အားပေးမြှင့်တင်ရန်နှင့် လုံခြုံ၍ခံနိုင်ရည်စွမ်းရှိသော စီးပွားရေးကို တိုးမြှင့်ဆောင်ရွက်ရန် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါ သည်။

တစ်ပိုင်းလျှပ်ကူး (Semiconductors)နှင့် ဘတ္ထရီအပါအဝင် အဓိကကျသည့် ကဏ္ဍများတွင် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ခံနိုင်ရည်ရှိမှုကို မြှင့်တင်ရန်နှင့် ပွင့်လင်းမြင်သာသော၊ မတူကွဲပြားသော၊ လုံခြုံမှုရှိသော၊ ရေရှည်တည်တံ့ခိုင်မြဲတော၊ ခံနိုင်ရည်ရှိပြီး ယုံကြည်စိတ်ချရသော ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်မူများ (Principles on Resilient and Reliable Supply Chains)ကို တိုးတက်အောင်ဆောင်ရွက်ခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် ဝန်ကြီးများ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် အဆင့်မြင့်နည်းပညာများကုန်သွယ်မှုကို ထိန်းချုပ်ခြင်း၊ စက်မှုလုပ်ငန်းသုံး အဆင့်မြင့် နည်းပညာများတွင် သုတေသနနှင့် တီထွင်မှုလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence – AI) ကို လုံခြုံဘေးကင်းပြီး ယုံကြည်စိတ်ချရစွာ အသုံးချရန်နှင့် နိုင်ငံတကာစံနှုန်းများသတ်မှတ်သွားခြင်း၊ အရေးပါသည့် တွင်းထွက်သတ္တုများ (Critical Minerals) နှင့် ထွန်းသစ်စနည်းပညာရပ်များတွင် ပူးပေါင်းမှု တိုးချဲ့ဆောင်ရွက်ခြင်း၊ စီးပွားရေးအရ လုံခြုံစိတ်ချရမှုတိုးမြှင့်နိုင်ရေး အတူတကွလုပ်ဆောင်ခြင်းနှင့် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင် (Indo-Pacific Economic Framework for Prosperity – IPEF) ၏ လုပ်ငန်းများအကောင် အထည်ဖော်ရာတွင် မိတ်ဖက်များအကြား ရေရှည်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုပံ့ပိုးကူညီခြင်း စသည်တို့တွင် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားမည် ဖြစ်ကြောင်းသိရှိရပါ သည်။

မဟာဗျူဟာမြောက် ကုန်ပစ္စည်းများကုန်သွယ်မှုရာတွင်  Non-Market Policy and Practices ကြောင့် ကြုံတွေ့နိုင်သည့် ကုန်ထုတ်လုပ်ရေးထောက်ပံ့ကွင်းဆက်ဆိုင်ရာ ထိခိုက်နိုင်မှု များကို အတူတကွသတ်မှတ်ဖော်ထုတ်ရန် အရေးတကြီးလိုအပ်လျက်ရှိကြောင်း၊ ယင်းသို့ထိခိုက်နိုင်မှုများကို ဖော်ထုတ်၍ အားလုံးအတွက်တန်းတူညီမျှမှုရှိသော စီးပွားရေးဝန်းကျင်တစ်ရပ်အဖြစ် ဖန်တီးရန် ရည်ရွယ်ပြီး အောက်ပါတို့ကို ကဏ္ဍ (၈) ခု၌ အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်-  

          (က)    တစ်ပိုင်းလျှပ်ကူး (Semiconductors)၊

          (ခ)     သန့်စင်သောစွမ်းအင် (Clean Energy)၊

          (ဂ)     အရေးပါသည့်တွင်းထွက်သတ္တုများ (Critical Minerals)၊

          (ဃ)    ပို့ကုန်ထိန်းချုပ်ရေး (Export Controls)၊

          (င)     ဉာဏ်ရည်တုနည်းပညာ (AI)၊

          (စ)     ဆိုက်ဘာလုံခြုံရေး (Cybersecurity)၊

          (ဆ)    စံနှုန်းသတ်မှတ်ချက်များ (Standards)နှင့်

          (ဇ)     အင်ဒို-ပစိဖိတ်စီးပွားရေးမူဘောင် (IPEF)။

အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့အနေဖြင့် ၎င်းတို့၏စီးပွားရေးကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍ၊ အလုပ်သမားနှင့် လူမှုအသိုင်းအဝိုင်း အကျိုးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများတွင် အချင်းချင်းထိတွေ့ဆက်ဆံလျက် ရင်းနှီးမြှုပ်နှံမှုများကို ပံ့ပိုးကူညီသွားရန် သဘောတူညီခဲ့ကြပြီး ကဏ္ဍ (၈) ခု၌ ပူးပေါင်းဆောင်ရွက်မှုများ၏ ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရေး ဝန်ကြီးများအကြား နှစ်စဉ်အစည်းအဝေး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် ၂၆-၆-၂၀၂၄ ရက်တွင် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Saito Ken နှင့်သီးခြား တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ကုန်သွယ်ရေးထိန်းချုပ်မှုအပါအဝင် အခြားကဏ္ဍ အများအပြား၌ ပူးပေါင်းဆောင်ရွက်ရန်နှင့် အရေးပါသည့်တွင်းထွက်သတ္တုများဖြစ်သည့် Gallium ၊ Germanium နှင့် Graphite ဖြန့်ဖြူးရောင်းချမှုတိုးချဲ့ဆောင်ရွက်သွားနိုင်ရေး ပူးပေါင်းဆောင် ရွက်ရန်လည်း ဆွေးနွေးခဲ့ကြပါသည်။

ထို့အပြင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် ၂၆-၆-၂၀၂၄ ရက်၌ပင် အမေရိကန်-ဥရောပသမဂ္ဂ-ဂျပန်-ကိုရီးယားဝန်ကြီးများနှင့် အဓိကကဏ္ဍများရှိ ကုန် ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်ခံနိုင်ရည်ရှိမှုနှင့် ယုံကြည်စိတ်ချရမှုရှိရန် အရေးကြီး ကြောင်း ဆွေးနွေးရန် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသည် လက်ရှိကမ္ဘာ့ကုန်ထုတ်လုပ်မှုဈေးကွက်နှင့် အမျိုးသားလုံခြုံရေးကဏ္ဍတို့တွင် အရေးပါလာခဲ့သည့် Chip နှင့် Semiconductor ထုတ်လုပ်မှုနှင့် အရေးပါသည့် တွင်းထွက်သတ္တုများ (Critical Minerals) ၏ ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်များ ခံနိုင် ရည်ရှိမှု စသည့်ကဏ္ဍများတွင် ၎င်း၏မိတ်ဖက်နှင့် မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ကာ ယင်းကဏ္ဍများတွင် ကမ္ဘာ့ဈေးကွက်နေရာအများစုကို ရယူထားသည့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို လျှော့ချလိုခြင်းဖြစ်သဖြင့် ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်လာခြင်းဖြစ် ကြောင်း တင်ပြအပ်ပါသည်။

                                                                                                                                                                                                                                                                    (ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News