International News

အမေရိကန်နိုင်ငံ၌ (၁၀)ကြိမ်မြောက် SelectUSA Investment Summit ကျင်းပပြုလုပ်

Last Updated:

အမေရိကန်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစီး၍ (၁၀) ကြိမ်မြောက် SelectUSA Investment Summit ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ SelectUSA Investment Summit သည် အမေရိကန်နိုင်ငံသို့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ (Foreign Direct Investment – FDI) မြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းမှပါဝင် တက်ရောက်ကြသည့် ကုမ္ပဏီများအကြား တိုက်ရိုက်ချိတ်ဆက်နိုင်ရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ  SelectUSA Investment Summit သို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr. Anthony Blinken က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပြီး ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo အပါအဝင် ပို့ဆောင်ရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးနှင့် ကာကွယ်ရေး၊ စွမ်းအင်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ သမ္မတ၏အပြည်ပြည်ဆိုင်ရာစီးပွားရေးအကြံပေးနှင့် အမေရိကန် ပို့ကုန်/သွင်းကုန် ဘဏ်ဥက္ကဋ္ဌတို့တက်ရောက်ခဲ့ကြကြောင်း၊ နိုင်ငံတကာဈေးကွက်ပေါင်း (၉၆) ခုမှ ကိုယ်စားလှယ် (၅,၀၀၀) ကျော်နှင့် အမေရိကန်နိုင်ငံ၏ ပြည်နယ်နှင့်ဒေသပေါင်း (၅၆) ခုမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က “အမေရိကန်နိုင်ငံသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ကြသည့်နိုင်ငံအဖြစ် (၁၂) နှစ် ဆက်တိုက် ရပ်တည်နေခဲ့သည့် အကြောင်းအရင်းကို ယခုနှစ်ကျင်းပပြုလုပ်သည့် SelectUSA Investment Summit က ပြသခဲ့ကြောင်း၊ ယင်းသို့ရပ်တည်ခဲ့ခြင်းသည် သမ္မတဂျိုးဘိုင်ဒင်အစိုးရလက်ထက် အမေရိကန်နိုင်ငံ၏ Investing in America Agenda အောက်တွင် ပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်၏ရလဒ်များဖြစ်ကြောင်းနှင့် SelectUSA အစီအစဉ်သည် အမေရိကန်နိုင်ငံ၏အဓိကအရေးပါသည့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေး ကွင်းဆက်ရှိလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၀၀) ဘီလီယံအထိ ဝင်ရောက်နိုင်စေရန်ဆောင်ရွက်နိုင်ခဲ့သည်” ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် 2025 SelectUSA Investment Summit ကို ၁၁-၅-၂၀၂၅ ရက်မှ ၁၄-၅-၂၀၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

                                                                                                                                        

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News