International News

ဗီယက်နမ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ပထမနှစ်ဝက်အတွင်း ခိုင်မာသော တိုးတက်မှုကို ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံရှိ ပြည်နယ်နှင့် မြို့ကြီးများတွင် ယခုနှစ်ပထမ ၆ လအတွင်းခရီးသွား ဧည့်သည် အရေအတွက် တိုးလာပြီး နိုင်ငံ၏ ခရီးသွားလုပ်ငန်းအတွက် အပြုသဘောဆောင်သော တိုးတက်မှုတွေ့မြင်ရကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။ 

ဟနွိုင်းမြို့တော်သို့ ၆ လတာကာလအတွင်း ကမ္ဘာလှည့်ခရီးသွားဧည်သည့် ၁၄ သန်းကျော် လာရောက်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၃.၇ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းမှ ၀င်ငွေစုစုပေါင်းသည် ဗီယက်နမ်ဒေါင် ၅၅.၃၈ ထရီလီယံ (ဒေါ်လာ ၂.၁၇ ဘီလီယံ) ကျော် ရရှိမည် ဟု ခန့်မှန်းထားကြောင်းနှင့်တစ်နှစ်ထက်တစ်နှစ် ၂၂.၈ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပါသည်။

ဟိုချီမင်းမြို့သို့ လာရောက်လည်ပတ်သူ ၁၉.၈ သန်းကျော်ရှိပြီး စုစုပေါင်းခရီးသွားလုပ်ငန်းမှ ၀င်ငွေသည် ဗီယက်နမ်ဒေါင် ၉၂.၆၄ ထရီလီယံ (ဒေါ်လာ ၃.၆၄ ဘီလီယံ) ကျော်ရှိပြီး ယခင်နှစ် အလားတူကာလထက် ၁၄.၆ ရာခိုင်နှုန်း မြင့်တက်သွားကြောင်းသိရှိရပါသည်။

အလယ်ပိုင်း Thanh Hoa ပြည်နယ်သည် ခရီးသွား ၉.၈ သန်းနီးပါးကို ဆွဲဆောင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၁ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းမှ စုစုပေါင်း ၀င်ငွေသည် ဗီယက်နမ်ဒေါင် ၁၉.၈ ထရီလီယံ (ဒေါ်လာ ၇၇၇ သန်း) ကျော်ရှိပြီး တစ်နှစ်ထက် တစ်နှစ် တိုးတက်မှုနှုန်း ၃၀.၂ ရာခိုင်နှုန်း ရှိကြောင်း ဖော်ပြထားပါသည်။

မြောက်ပိုင်း Dien Bien ပြည်နယ်သို့ အဆိုပါကာလအတွင်း ကမ္ဘာလှည့်ခရီးသွား ၁.၃၆၈ သန်း လာရောက်လည်ပတ်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂.၁၉ ဆ တိုးမြင့်လာခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းမှ စုစုပေါင်း ၀င်ငွေသည် ဗီယက်နမ်ဒေါင် ၂.၄၇ ထရီလီယံကျော် (ဒေါ်လာ ၉၇၀ သန်း) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂.၂၆ ဆ တိုးလာခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် ၄.၁ သန်းကျော်သည် မြောက်ပိုင်း တောင်ထူထပ်သော Lao Cai ပြည်နယ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားလည်ပတ်မှု စုစုပေါင်းပမာဏသည် ဗီယက်နမ်ဒေါင် ၁၃.၅ ထရီလီယံ (ဒေါ်လာ ၅၃၀ သန်း) ရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ၏  ဒေသအသီးသီးရှိ ခရီးသွားအရေအတွက်နှင့် ၀င်ငွေများ အားကောင်းလာခြင်းသည်နိုင်ငံ၏ GDP အတွက် အရေးပါသော ပံ့ပိုးကူညီမှုတစ်ခုဖြစ်သောကြောင်း တွေ့ရှိရပါသည်။ ထို့ပြင် ခရီးသွားလုပ်ငန်း တိုးတက်မှုသည် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ခြင်း၊ ခရီးသွားလုပ်ငန်းအတွက် လိုအပ်ချက် တိုးလာခြင်းကြောင့် ဟိုတယ်များ၊ အပန်းဖြေ စခန်းများနှင့် သယ်ယူပို့ဆောင်ရေးစနစ်များကဲ့သို့သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ကြောင်း သုံးသပ် တင်ပြရပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News