International News

တရုတ်နိုင်ငံသည် ကမ္ဘာ့အရေးကြီးဆုံး ကုန်ထုတ်လုပ်မှုဗဟိုချက်တွင် ရှိနေ

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအနေဖြင့် တရုတ်နိုင်ငံအပါအဝင် အာရှဒေသအပေါ် မှီခိုနေရဆဲဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ လုပ်ဆောင်မှုအချို့ကြောင့် ကမ္ဘာ့စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက်များကို အနှောင့်အယှက်ဖြစ်စေသည့်ကြားမှပင် တရုတ်နိုင်ငံသည် ကမ္ဘာ့အရေးအကြီးဆုံး ကုန်ထုတ်လုပ်မှုအချက်အချာအဖြစ် မည်သည့်အခါမျှ ဆုံးရှုံးမည်မဟုတ်ကြောင်း အကြီးတန်းစက်မှု လုပ်ငန်းကျွမ်းကျင်သူများနှင့် ကုမ္ပဏီ အမှုဆောင်အရာရှိများက မတ်လ (၂၈) ရက်နေ့က ကျင်းပခဲ့သည့် Boao Forum for Asia Annual Conference 2023 ၌ ပြောကြားခဲ့ကြောင်း သိရှိရသည်။

တရုတ်အပါအဝင် အာရှနိုင်ငံများအကြား ကုန်သွယ်မှုအရ အပြန်အလှန်မှီခိုမှုအဆင့်သည် အလွန်မြင့်ကြောင်း၊ အာဆီယံနိုင်ငံများအကြား မှီခိုမှုမှာ အမြင့်ဆုံးဖြစ်ပြီး ၂၁ ရာခိုင်နှုန်းရှိကြောင်း၊ ဂျပန်နှင့် တောင်ကိုရီးယားတို့၏ တရုတ်နိုင်ငံအပေါ်မှီခိုမှုမှာ ၂၀ ရာခိုင်နှုန်းကျော်ရှိကြောင်းနှင့် အာဆီယံနိုင်ငံများနှင့် ဩစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက္ကဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်္ကာပူနှင့် ဗီယက်နမ်တို့ပါဝင်သည့် Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) နိုင်ငံများ၏ တရုတ်နိုင်ငံအပေါ် မှီခိုမှုမှာ ၂၀  ရာခိုင်နှုန်းနီးပါးရှိကြောင်း အဆိုပါဖိုရမ်မှထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

G20 နိုင်ငံများအနက် အများစုမှာ တရုတ်နိုင်ငံအပေါ် ကုန်သွယ်မှုအရမှီခိုမှုမြင့်တက်လာသည်ကို တွေ့မြင်ရပြီး အမေရိကန်နှင့် ပြင်သစ်တို့သာ တရုတ်နိုင်ငံအပေါ် ကုန်သွယ်မှုအရ မှီခိုမှုကျဆင်းသွားကြောင်း အစီရင်ခံစာ၌ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံးကုန်ထုတ်လုပ်မှုဗဟိုချက်အဖြစ် အနည်းဆုံးနောင် ၁၀နှစ်မှ ၂၀နှစ်အထိ ၎င်း၏နေရာကို ဆုံးရှုံးနိုင်ဖွယ် မရှိကြောင်း၊ အချို့သော လုပ်သားအင်အားသုံး လုပ်ငန်းများသည် အာဆီယံနိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့သို့ ရွှေ့ပြောင်းလာပြီး တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုဂေဟစနစ်တွင် ပိုမိုပေါင်းစပ်ပါဝင်လာသောကြောင့် တရုတ်နိုင်ငံတစ်ခုလုံးအတွက် ပထဝီဝင်နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းစေကြောင်း သိရှိရသည်။

တရုတ်နိုင်ငံသည် အာရှဒေသ၏ တစ်ဝက်တစ်ပျက်ကုန်ချောပစ္စည်းများ ကုန်သွယ်မှုတွင် အဓိကနိုင်ငံတစ်ခုဖြစ်ကြောင်း၊ ကုန်သွယ်မှုအများဆုံး တစ်ဝက်တစ်ပျက်ကုန်ချောပစ္စည်း (၂၂)မျိုးအနက် တရုတ်နိုင်ငံအနေဖြင့် အမျိုးအစား(၂၀)ကို ဦးဆောင်လျက်ရှိကြောင်း သိရှိရသည်။

 

 

စီးပွားရေးသံမှူး(နန်နင်း)

Source: www.chinadaily.com.cn/a/202303/29/WS642383aea31057c47ebb719f.htm

Category: International News