International News

အမေရိကန်နိုင်ငံ၏ အလုပ်သမားအကျပ်အတည်းကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများ

Last Updated:

အမေရိကန်နိုင်ငံ၏ အလုပ်သမားအကျပ်အတည်းကို ဖြစ်ပေါ်စေသည့်အကြောင်းရင်းများနှင့် ပတ်သက်၍ ၂၇-၉-၂၀၂၃ ရက်တွင် Wall Street Journal အွန်လိုင်းသတင်း၌ “Why America Has a Long-Term Labor Crisis, in Six Charts” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။   

အမေရိကန်နိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အလုပ်သမားခန့်ထားမှုလိုအပ်ချက် (၄) ရာခိုင်နှုန်းဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားချိန်တွင် သန်းနှင့်ချီသော အလုပ်သမားလျှော့ချခဲ့ပြီးနောက် စီးပွားရေးပြန်လည် ကောင်းမွန်လာသည့်အချိန်တွင် အလုပ် သမားများ မရှာဖွေနိုင်သည်ကိုတွေ့ရကြောင်း၊ မော်တော်ကားထုတ်လုပ်သည့် ကဏ္ဍနှင့် လေကြောင်းလိုင်းများတွင် အလုပ်သမားပြတ်လပ်မှုနှင့်ကြုံတွေ့နေရသည်မှာ ဆယ်စုနှစ်တစ်စုခန့် ကြာမြင့်နေပြီဖြစ်ကြောင်း၊ အလုပ်သမားပြတ်လပ်မှုကြောင့် ရေရှည်အကျပ်အတည်းကြုံတွေ့ရနိုင်ပြီး လုပ်ခလစာ မြင့်မားလာနိုင်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံ၏ Baby Boomer မျိုးဆက်များ အလုပ်မှအငြိမ်းစားယူခြင်း၊ မွေးနှုန်းလျော့ကျခြင်း၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒများ ပြောင်းလဲလာခြင်းနှင့် အလုပ်သမားများလုပ်ကိုင်လိုသည့် လုပ်ငန်းအမျိုးအစားပြောင်းလဲလာခြင်းတို့ကြောင့် အမေရိကန်အလုပ်ရှင်များအနေဖြင့် လစ်လပ်နေသည့်အလုပ်နေရာများတွင် အလုပ်သမားအနည်းငယ်ခန့်ကိုသာ အစားထိုးခန့်ထားနိုင်ကြောင်း၊ အလုပ်သမားများသည် အချိန်ပိုင်းအလုပ် (သို့မဟုတ်) နေအိမ်မှ လုပ်ကိုင်နိုင်သည့် အလုပ်များကို ပို၍ရွေးချယ်လာခဲ့ကြကြောင်း၊ အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ၂၀၃၂ ခုနှစ်တွင် အလုပ်သမားခန့်ထားမှုသည် (၀.၃) ရာခိုင်နှုန်းခန့်သာတိုးလာနိုင်ကြောင်း၊ အမေရိကန်နိုင်ငံ၏ လူဦးရေအချိုးတွင် ၁၉၄၆ ခုနှစ်နှင့် ၁၉၆၄ ခုနှစ်အကြား မွေးဖွားသည့် Baby Boomer မျိုးဆက် ဦးရေသည် (၇၆) သန်းရှိသဖြင့် လူဦးရေအများဆုံး မျိုးဆက်တစ်ခုဖြစ်သည်ကို တွေ့ရကြောင်း၊ ၎င်းတို့သည် လက်ရှိတွင် အသက် (၅၈) နှစ်မှ (၇၇) နှစ် အကြားတွင်ရှိကြကြောင်း၊ ထို့ကြောင့် ၂၀၂၈ ခုနှစ်တွင် အဆိုပါမျိုးဆက်များ အငြိမ်းစားယူမည်ဖြစ်ပြီး အသက်အငယ်ဆုံးမှာ ခန့်မှန်းအားဖြင့် (၆၄) နှစ်ခန့်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လူဦးရေဒုတိယအများဆုံးမှာ Millennials ခေါ် ၁၉၈၁ ခုနှစ်မှ ၁၉၉၆ ခုနှစ်အတွင်း မွေးဖွားသူမျိုးဆက်ဖြစ်ပြီး လူဦးရေ (၆၂) သန်းခန့်ရှိပါကြောင်း၊ အဆိုပါမျိုးဆက်မှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားပြီးနောက် အလုပ်မှထွက်ခဲ့ကြပြီးနောက်တွင် လုပ်ငန်းခွင်သို့ပြန်မဝင်ဘဲ အငြိမ်းစား ယူကြသည်ကိုတွေ့ရကြောင်း၊ အမေရိကန်နိုင်ငံ၏ လူဦးရေ (၁,၀၀၀)အနက် ကလေးမွေးဖွားနှုန်းသည် ၁၉၆၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တစ်ဝက်ခန့်လျော့ကျသွားကြောင်း၊ ၂၀၀၀ ပြည့်နှစ်၏ ပထမသုံးလပတ်တွင် အလုပ်သမားခန့်ထားမှုသည် (၆၇.၃) ရာခိုင်နှုန်းထိမြင့်တက်ခဲ့ကာ အဆိုပါအလုပ်သမားထုတွင် အသက် အကြီးဆုံးမှာ (၅၄) နှစ်ဖြစ်ပြီး အသက်အငယ်ဆုံးမှာ (၃၅)နှစ်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် အလုပ်သမားပြတ်လပ်မှုကို ရွှေ့ပြောင်းလုပ်သားများ ခန့်ထားခြင်း၊ Outsourcing ပြုလုပ်ခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို စက်ကိရိယာ အသုံးပြုခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း၊ ရေပန်းစားလျက်ရှိသည့် ChatGPT ခေါ် ဉာဏ်ရည်တုစွမ်းရည်သုံး Application ကို အသုံးပြု၍ AI tools များဖြင့် စီးပွားရေးပုံစံများကို ပြောင်းလဲဆောင်ရွက်နိုင်ပါကြောင်း၊ ၂၀ ရာစုနှောင်းပိုင်းမှစ၍ အမေရိကန်၏ စက်မှုလုပ်ငန်းများကို နိုင်ငံခြားတိုင်းပြည်များတွင် တည်ထောင်လုပ်ကိုင်ခဲ့ပြီး ကိုဗစ်-၁၉ ကူးစက် ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုကွန်ယက် ထိခိုက်ခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိုသို့ဆောင်ရွက်ရန် အားပေးမှုမရှိသည်ကို တွေ့ရကြောင်း ဖော်ပြထားပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

Category: International News