International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အားကောင်းလာစေရေး ငွေကြေးပံ့ပိုးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) ကို မြှင့်တင်ရန် ရည်ရွယ်၍ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုအစီအမံများ တိုးမြှင့်ခဲ့ကြောင်း၊ အသေးစားနှင့် အငယ်စား ချေးငွေပမာဏကို ငွေချေးသူတစ်ဦးလျှင် ယွမ် ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁.၄ သန်းခန့်) မှ ယွမ်သန်း ၂၀ အထိ သိသာစွာတိုးမြှင့်ခဲ့ကြောင်း၊  စိုက်ပျိုးရေးလုပ်ငန်းနှင့် အသေးစားစီးပွားရေး လုပ်ငန်းများအတွက် ငွေပြန်လည်ပေးချေခြင်း ဆောင်ရွက်ရာတွင် အတိုးနှုန်းလျှော့ချပေးခြင်းနှင့် အဆိုပါ စီးပွားရေးအဖွဲ့အစည်းများ၏ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးများ သက်သာစေရေး ဆောင်ရွက်ပေးထားကြောင်း သိရှိရပါသည်။

မေလကုန်တွင် အသေးစားနှင့် အငယ်စားချေးငွေများမှ ပြန်လည်ပေးချေရန် ကျန်ရှိနေသော ပမာဏမှာ ယွမ် ၃၁.၅၆ ထရီလီယံရှိပြီး ယခင်နှစ်ကာလတူထက် ၁၉.၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ ဧပြီလတွင်းက တရုတ်နိုင်ငံသည် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှုများအတွက် ယွမ် ၅၀၀ ဘီလီယံတန်ဖိုးရှိ ငွေပြန်လည်ထုတ်ချေးမည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး နည်းပညာကုမ္ပဏီများ၏ တိုးတက်မှုကို မြှင့်တင်ရန်ကို အထူးကိစ္စရပ်အဖြစ်ထားရှိကာ ယွမ် ၁၀၀ ဘီလီယံသတ်မှတ်ခဲ့ကြောင်း  သိရှိရပါသည်။

 အဆိုပါအစီအစဉ်အရ အရည်အချင်းပြည့်မီသော လုပ်ငန်းပေါင်း ၇၀၀၀ နီးပါး၏ စာရင်းကို ဘဏ်များသို့ ကနဦးစာရင်းအနေဖြင့် ပေးပို့ခဲ့ကြောင်း၊ စာရင်းကိုလက်ခံရရှိသည်နှင့် သက်ဆိုင် ရာ လုပ်ငန်းရှင်များ၏ ယုံကြည်စိတ်ချရမှုနှင့် စီးပွားရေးလိုအပ်ချက်ဆိုင်ရာ ပြန်လည်သုံးသပ်မှုများ ချက်ချင်းပြုလုပ်ခဲ့ကြောင်း။ ဘဏ်အနေဖြင့် စီးပွားရေးလုပ်ငန်းများမှ ရန်ပုံငွေများကို အချိန်နှင့် တစ်ပြေးညီရရှိနိုင်ရေးအတွက် green channel များနှင့် ချောမွေ့စွာထုတ်ယူနိုင်ရန် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း တရုတ်နိုင်ငံ၊ စက်မှုလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် (ICBC)၊ ရှန်တုန်းဌာနခွဲ၏ လက်ထောက်အကြီးအကဲ Zhang Xiaorui ကပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်တုန်းပြည်နယ် Yantai ရှိ လျှပ်စစ်စက်ပစ္စည်းကုမ္ပဏီတစ်ခုသည် ယွမ် ၁ သန်းချေးငွေအတွက် လုပ်ငန်းစဉ်ကို တစ်ရက်အတွင်း အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရှိရပါသည်။

အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ငွေကြေးထောက်ပံ့မှု ရယူရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများမှာ ၎င်းတို့၏ အပေါင်ပစ္စည်းမလုံလောက်ခြင်းနှင့် အခက် အခဲများ ဖြေရှင်းနိုင်သည့် စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်များကြောင့်ဖြစ်ကြောင်း၊ အဆိုပါ ပြဿနာကိုဖြေရှင်းရန်အတွက် ငွေချေးပေးသူများက ငွေပြန်လည်ပေးချေမှုဆိုင်ရာ ဖိအားများလျှော့ချရန် နှင့် SME များနှင့် ကိုက်ညီသည့် ဝန်ဆောင်မှုများပေးနိုင်မည့် ဒစ်ဂျစ်တယ် နည်းပညာများကို အသုံးပြုဆောင်ရွက်နေကြောင်း သိရှိရပါသည်။

သမရိုးကျ ငွေချေးငှားသည့်နည်းလမ်းဖြစ်သည့် အပေါင်ပစ္စည်းအတွက် ပိုင်ဆိုင်မှုများ ပြသနိုင်ခြင်းမရှိသော်လည်း တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ စွမ်းဆောင်ရည်မြင့် ပလတ် စတစ် ထုတ်လုပ်သူတစ်ဦးသည် Zhejiang E-Commerce Bank ထံမှ ချေးငွေယွမ်ငွေ ၂ သန်းကို မကြာမီက ရယူနိုင်ခဲ့ကြောင်း၊ စက်မှုလုပ်ငန်းကွင်းဆက်တွင်း ဆောင်ရွက်မှုနှင့် လုပ်ငန်းလည်ပတ်မှုစွမ်းရည်ကို အကဲဖြတ်သုံးသပ်ပြီးနောက် ချေးငွေထုတ်ပေးရန် ဘဏ်ကဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

ဘဏ်၏ စက်မှုလုပ်ငန်းဘဏ္ဍာရေးဌာန၏ လက်ထောက်အထွေထွေမန်နေဂျာ Chen Kai ၏ အဆိုအရ ချေးငွေလက်ခံရရှိသူများ၏ ၃၀ ရာခိုင်နှုန်းနီးပါးသည် သိပ္ပံသုတေသနနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဦးဆောင်တီထွင်မှုတွင် ပါဝင်ဆောင်ရွက်နေသူများဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့ အချက်အလက်များအသုံးပြု၍ ချေးငွေထုတ်ချေးခြင်းနည်းလမ်းကို တရုတ်နိုင်ငံရှိ အခြားဘဏ်များကလည်း လက်ခံကျင့်သုံးခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ပို့ကုန်-သွင်းကုန်ဘဏ်သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုတွင်ပါ၀င်နေသည့် အသေးစားနှင့် အငယ်စားစီးပွားရေး လုပ်ငန်းများအတွက် အွန်လိုင်းထုတ်ကုန်များနှင့် ကိုက်ညီသည့် ကုန်သွယ်မှုဆိုင်ရာ အချက် အလက်ကြီးများကို အသုံးပြုခဲ့ကြောင်း၊ ICBC နှင့် Bank of China တို့သည် နည်းပညာ အသုံးပြုလုပ်ငန်း ဆောင်ရွက်သည့် SMEs များအတွက် အထောက်အပံ့များ အားကောင်းလာစေရေး အဆိုပါကဏ္ဍနှင့် သက်ဆိုင်သည့် ဘဏ္ဍာရေးစင်တာများ ဖွင့်လှစ်ခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

အစိုးရအနေဖြင့် ဘဏ်ချေးငွေများအပြင် Capital Market နှင့် Venture Capital (VC) ရင်းနှီးမြှုပ်နှံမှုများကဲ့သို့သော ငွေရေးကြေးရေး လမ်းကြောင်းများမှလည်း အခွင့်အလမ်းများရယူ ဆောင်ရွက်ရန် SME များကို တိုက်တွန်းထားကြောင်း၊ အစိုးရသည် VC ရင်းနှီးမြှုပ်နှံမှုကို အားကောင်းလာစေရန် မူဝါဒများစွာကို ထုတ်ပြန်ခဲ့ကြောင်း၊ SME လုပ်ငန်းများ ကြီးထွားမှုကို ပံ့ပိုးပေးမည့် မူပိုင်ခွင့်ကဲ့သို့ တိကျသော အစီအမံများလည်း ပါဝင်ကြောင်း၊ ထိုသို့ငွေရေး ကြေးရေး ရှယ်ယာရင်းနှီးမြှုပ်နှံမှုများပံ့ပိုးခြင်းသည် စွန့်စားဆောင်ရွက်ရသည့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုများလုပ်ငန်းများကို တွန်းအားပေးနိုင်ရေး ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန်ကြောင်း China Everbright Group မှ သုတေသီ Zhou Guanping က ပြောကြား ထားကြောင်း သိရှိရပါသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် တည်ထောင်ခဲ့သော ပေကျင်းစတော့အိတ်ချိန်းသည် ဆန်းသစ် တီထွင်မှုဆောင်ရွက်သည့် SME များကို ဝန်ဆောင်မှုပေးရန်ရည်ရွယ်ကြောင်း၊  စာရင်းဝင် ကုမ္ပဏီ ၂၄၉ ခုရှိသည့်အနက် SME လုပ်ငန်းများသည် ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး SME များအကြား ဆန်းသစ်တီထွင်မှုနှင့် ချဲ့ထွင်မှုတို့ကို မြှင့်တင်ရာတွင် အများပြည်သူဆိုင်ရာ ရှယ်ယာဈေးကွက်သည် အဓိက အခန်းကျသော ကဏ္ဍတွင်ရှိကြောင်း၊  စုစုပေါင်းရှယ်ယာရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၃၃၀ ဘီလီယံ ကျော်ရှိကြောင်း သိရှိရပါသည်။

SME လုပ်ငန်းများအတွက် ငွေရေးကြေးရေးတိုးတက်စေရေးစီမံမှု လမ်းကြောင်းများအပြင် ဘဏ္ဍာငွေပိုမိုခိုင်မာ၍ ရေရှည်တည်တံ့နိုင်ရေး ပိုမိုကြိုးပမ်းအားထုတ်ရန်လည်း ကျွမ်းကျင်သူများက အဆိုပြုထားကြောင်း၊ Renmin University of China မှ သုတေသီ Hou Liming က SME များ၏ လက်ခံရရှိငွေများ ပျောက်ပျက်ခြင်း မရှိစေရေးဆောင်ရွက်ရန်၊ ၎င်းတို့၏ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုကို မြှင့်တင်ရန်နှင့် သေချာခိုင်မာ၍ အာမခံနိုင်သည့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်ရန် လုပ်ဆောင်သင့်ကြောင်း အကြုံပြုခဲ့သည်ဟုလည်း သိရှိရပါသည်။

 

 

Source: http://en.people.cn/n3/2024/0628/c90000-20187157.html

ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ       

Category: International News