International News

စီးပွားရေး တိုးတက်မှု ရပ်တန့်နေချိန်တွင် ဂျာမနီ၏ အလုပ်လက်မဲ့ဦးရေ မြင့်တက်လာ

Last Updated:

၂၀၂၄ ခုနှစ် ဇူလိုင်လ၏ အလုပ်လက်မဲ့ဦးရေသည် ဇွန်လကထက် ၈၂,၀၀၀ ဦးခန့် မြင့်တက်လာခဲ့ရာ လက်ရှိတွင် ဂျာမနီ၌  အလုပ်လက်မဲ့ဦးရေ စုစုပေါင်း ၂.၈ သန်းကျော်အထိ ရှိလာပြီဖြစ် ကြောင်း The Federal Employment Agency (BA) ၏ ၃၁-၇-၂၀၂၄ ရက်ထုတ် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားပါသည်။

ယင်းသို့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာမှုသည် နွေရာသီအားလပ်ရက်များ ကြုံကြိုက် ခြင်းနှင့် ဂျာမနီတွင် စီးပွားရေးတိုးတက်မှု အားနည်းလာခြင်းတို့၏ တစ်စိတ်တစ်ဒေသဖြစ်နိုင်ကြောင်း ယူဆခဲ့ကြသည်။ BA မှ Director of Regions ဖြစ်သူ Mr. Daniel Terzenbach ကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အားနည်းခြင်းသည် အလုပ်သမားစျေးကွက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဇူလိုင်လ၏ အလုပ်လက်မဲ့ဦးရေသည် ယမန်နှစ် အလားတူကာလကထက် ၁၉၂,၀၀၀ ဦးခန့်ပိုများနေပြီး ယခင်လ ဇွန်လနှင့် နှိုင်းယှဉ်ပါက အလုပ်လက်မဲ့နှုန်း ၀.၂ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ဇူလိုင်လတွင် အလုပ်အကိုင်အသစ် ၇၀၃,၀၀၀ ခန့် မှတ်ပုံတင်လာသော်လည်း ယင်း ပမာဏမှာ ယမန်နှစ် အလားတူကာလကထက် ၆၉,၀၀၀ ခန့် လျော့နည်းနေသည်ကို BA မှ တွေ့ရှိခဲ့ရပေသည်။

အလုပ်သမားများ လိုအပ်ချက်ဆိုင်ရာ အလုပ်အကိုင် ညွှန်းကိန်းသည် ၂ မှတ်ခန့် ကျဆင်းသွားသဖြင့် ၁၀၇ မှတ်သို့ ရောက်ရှိခဲ့ရာ ယင်းအမှတ်မှာ ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၂ မှတ်ခန့်  ကျဆင်းနေကြောင်း ဖော်ပြထားပါသည်။

ရာသီအလိုက်ချိန်ညှိမှုများအရ ဧပြီလမှမေလအတွင်း လူမှုဖူလုံရေးအာမခံ အထောက်အပံ့ရှိသော အလုပ်အကိုင်များ ၅,၀၀၀ ခန့် တိုးလာကြောင်း နောက်ဆုံးရကိန်းဂဏန်းများက ဖော်ပြခဲ့ပါသည်။ အဆိုပါအလုပ်အကိုင်များမှာ ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက အလုပ်အကိုင်ပေါင်း ၁၇၉,၀၀၀ ခန့်တိုးလာခဲ့ပြီး စုစုပေါင်း ၃၄.၉၁ သန်းအထိ ရှိလာကြောင်းဖော်ပြထားရာ ယင်းတိုးတက်လာမှုမှာ အဓိကအားဖြင့် နိုင်ငံခြားသားအလုပ်သမားများ တိုးလာခြင်းကြောင့်ဖြစ် ကြောင်း BA ၏ ဖော်ပြချက်အရ သိရှိရပါသည်။

အလုပ်လက်မဲ့များနှင့် အချိန်တိုအလုပ်လုပ်ကိုင်ကြသူများ၏ အကျိုးခံစားခွင့်များအတွက် အသုံးစရိတ်များမှာ မျှော်မှန်းထားသည်ထက် ပိုမိုများပြားခဲ့ကြောင်း၊ ဇူလိုင်လတစ်လတည်း တွင်ပင် အလုပ်လက်မဲ့ ၉၀၃,၀၀၀ ဦးအတွက် အကျိုးခံစားခွင့်များ ထုတ်ပေးခဲ့ရကြောင်းနှင့် ယင်းအလုပ်လက်မဲ့ဦးရေသည် ယမန်နှစ်ကထက် ၁၀၅,၀၀၀ ဦးခန့် ပိုများခဲ့ကြောင်း သိရှိရပါ သည်။

BA သည် ၎င်း၏ ဘဏ္ဍာရေးဆိုင်ရာ ရှုမြင်သုံးသပ်ချက်ကို ဧပြီလတွင် လျှော့ချထားပြီး ဖြစ်သည်။ ကနဦးတွင် BA အနေဖြင့် ၂၀၂၄ ခုနှစ် နှစ်အကုန်တွင် အရန်ငွေ ယူရို ၂.၁ ဘီလီယံ ခန့်ထားရှိရန် မျှော်မှန်းထားခဲ့သော်လည်း ယူရို သန်း ၆၀၀ ခန့်သာ အရန်ငွေထားရှိရန် ဧပြီလတွင် ပြန်လည်ပြောင်းလဲလျှော့ချခဲ့သည်။

BA အနေဖြင့် ယခင်နှစ်များမှ အရန်ငွေလက်ကျန် ယူရို ၁.၆ ဘီလီယံခန့်ကို ကိုင်တွယ် ထားဆဲဖြစ်သည်။ အလုပ်လက်မဲ့အာမခံအတွက် ရန်ပုံငွေကို အလုပ်သမားများနှင့် အလုပ်ရှင်များမှ ပံ့ပိုးထည့်ဝင်ထားပြီး BA နှင့် အလုပ်အကိုင်ဌာနများမှ စီမံခန့်ခွဲပေးသည့်  နိုင်ငံသားများ၏ ထောက်ပံ့ကြေးအတွက်ကိုမူ  ပြည်ထောင်စုအခွန်အခများဖြင့် အဓိက ရန်ပုံငွေပံ့ပိုးပေးပါ သည်။

၎င်းတို့အနေဖြင့် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည့်အတွက် အရန်ငွေ ပြတ်လပ်မှုရှိမည် မဟုတ် ကြောင်း၊ သို့သော်လည်း နောက်ဆုံးတွင် လက်ကျန်အရန်ငွေ သုညဖြင့် အဆုံးသတ်သွားနိုင်မည် ဖြစ်ကြောင်း Mr. Terzenbach က ပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/germanys-unemployment-rises-as-economic-growth-stalls/a-69818711

ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်

Category: International News