International News

ဗီယက်နမ်နိုင်ငံ၏ ဒူးရင်းတင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် ၃ ဘီလီယံထိ အမြင့်ဆုံးရောက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ  ဟင်းသီးဟင်းရွက်နှင့် သစ်သီးများအသင်း (Vinafruit) ၏ အဆိုအရ ယခုနှစ်တွင် ဒူးရင်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော် ရှိလာမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ (၆) လအတွင်း ပြည်ပသို့ ဒူးရင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံကျော် ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၀ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ၎င်းနိုင်ငံတွင်းသို့ တင်ပို့နိုင်ရန် အတွက် လိုင်စင်နှင့်ကုဒ် အများအပြား ထုတ်ပေးခဲ့ကြောင်း၊ ယနေ့အထိ စိုက်ပျိုးသည့် ဧရိယာကုဒ် ၇၀၀ ကျော်နှင့် ထုပ်ပိုးမှုကုဒ် ၂၀၀ နီးပါးကို ခွင့်ပြုထားပြီးဖြစ်ကြောင်း၊  တရုတ်နိုင်ငံသို့ အေးခဲ ဒူးရင်း တရားဝင်တင်ပို့မှုဆိုင်ရာ သဘောတူညီချက်မှာလည်း တိုးတက်မှုရှိနေပြီး မကြာမီထုတ်ပြန်ဖွယ်ရှိကြောင်း Vinafruit မှ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အေးခဲဒူးရင်းတင်သွင်းခြင်းအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ခန့်သုံးစွဲလျက်ရှိသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အဆိုပါထုတ်ကုန်အမျိုးအစားကို အိမ်နီးချင်းဈေးကွက်သို့ တရားဝင်လမ်းကြောင်းမှ တင်ပို့ပြီး စျေးကွက်ဝေစု ၃၀ ရာခိုင်နှုန်းကို ရယူနိုင်ခဲ့ပါက ယခုနှစ်ဒူးရင်းတင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည့် ဝင်ငွေဒေါ်လာ သန်း ၃၀၀ မှ ၅၀၀ သန်းခန့် ရရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ဒူးရင်းသီးများကို တစ်နှစ်ပတ်လုံး စိုက်ပျိုးရိတ်သိမ်းနိုင်သည့် အားသာချက်ရှိပြီး အခြားနိုင်ငံများတွင် ရိတ်သိမ်းချိန် အကန့်အသတ်ရှိနိုင်ကြောင်း၊ လက်ရှိ ဈေးကွက်အတွင်း ဒူးရင်းဝယ်လိုအားကြောင့် လက်ရှိပေါက်ဈေးထက် ၂ ဆ ၃ ဆ မြင့်တက်လာဖွယ် ရှိကြောင်း ဖော်ပြထားပါသည်။  

ဗီယက်နမ်နိုင်ငံမှ တင်ပို့သည့် Musang King ဒူးရင်းဈေးနှုန်းသည် ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၄၀၀,၀၀၀ ဝန်းကျင်ရှိပြီး မဲခေါင်မြစ်ဝှမ်းဒေသတွင် ကုန်သည်များမှ ဗီယက်နမ် ဒေါင် ၃၈၀,၀၀၀ မှ ၄၃၀,၀၀၀ ထိ ဈေးများဖြင့်တင်ပို့ရန် ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့်နှစ်အတွင်း စိုက်ပျိုးသည့် တောင်သူများအနေဖြင့် ၁ ဟက်တာလျှင် ဗီယက်နမ်ဒေါင် အမြတ် ၁.၅ ဘီလီယံခန့် ရရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ Central Highlands၊ မဲခေါင်ဒေသနှင့် တောင်ပိုင်းဒေသများတွင် စုစုပေါင်း ဒူးရင်းစိုက်ပျိုးဧက ၁၃၁,၀၀၀ ဟက်တာခန့် ရှိကြောင်းသိရှိရပါသည်။

 

Source: VN Express International

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News