International News

မိုးခေါင်လာမှုကြောင့် လာမည့် ၁ နှစ်မှ ၃ နှစ်အတွင်း ထိုင်းနိုင်ငံ၌ ရေပြဿနာကြုံတွေ့နိုင်ဖွယ်ရှိ

Last Updated:

ထိုင်းနိုင်ငံ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများအတွက် အားထားရာ၊ နည်းပညာမြင့် စက်မှုတည်နေရာ နှင့် မော်တော်ကားသစ်များနှင့် စမတ်လျှပ်စစ်ပစ္စည်းများ၏ စက်မှုဇုန်များဦးတည်ရာနေရာဖြစ်သော Eastern Economic Corridor (ECC) ဖွံ့ဖြိုးလာမှုနှင့်အတူ ရေလိုအပ်ချက် မြင့်မားလာသော်လည်း ရေပံ့ပိုးပေးနိုင်မှု အကန့်အသတ်ရှိသဖြင့် အရှေ့ပိုင်းဒေသတွင် ရေအခက်အခဲပြဿနာ ကြုံတွေ့နေရ ကြောင်း ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဋ္ဌ၊ ရေနှင့်သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးအင်စတီကျု၏ ဥက္ကဋ္ဌ Mr. Somchai Wangwattanapanich က ပြောကြားခဲ့ပါ သည်။

ယင်းသို့ ဖြစ်ပွားရခြင်းမှာ နိုင်ငံအတွင်း အယ်နီနို(El Nino)၏ သက်ရောက်မှုများကြောင့် ဖြစ်ကြောင်း၊ အပူပိုင်းပိစိဖိတ်ဒေသအတွင်း သမုဒ္ဒရာပူနွေးလာမှုသည် နိုင်ငံအများအပြားတွင် မိုးခေါင်ခြင်း၊ မိုးကြီးခြင်းနှင့် ရေလွှမ်းမိုးခြင်းတို့ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ မိုးရာသီပုံမှန်ကျရောက်ခဲ့ပါက ရေပြတ်လပ်မှုကို မကြုံတွေ့နိုင်သော်လည်း အစိုးရအနေဖြင့် ယင်းပြဿနာကို ဖြေရှင်းနိုင်ရန် အစီအစဉ်များမရှိခဲ့ပါက နောင်နှစ်တွင် မိုးခေါင်ခြင်း ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားပါသည်။

မိုးခေါင်မှုသည် ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို သက်ရောက်နိုင်မည်ဖြစ်ကြောင်း၊ တောင်သူများသည် သီးနှံများအတွက်‌ ရေကိုမှီတည်နေရကြောင့် ရေပြတ်လပ်မှုသည် လယ်ယာစိုက်ပျိုးရေးကိုလည်း ထိခိုက်စေနိုင်ကြောင်း၊ အစိုးရသစ်ဖွဲ့စည်းမှု နှောင့်နှေးနေခြင်းကြောင့် နိုင်ငံ၏ ရေစီမံခန့်ခွဲရေး အစီအစဉ်ကိုလည်း အတားအဆီးဖြစ်စေနိုင်ကြောင်း သုံးသပ်ထားပါသည်။

အစိုးရသစ်အနေဖြင့် Bang Pakong မြစ်မှ ECC နေရာသို့ ရေလမ်းကြောင်းလွှဲပေးခြင်းနှင့် ရေစုပ်စက်များပြင်ဆင်ပေးခြင်းတို့အပါအဝင် ကာလတိုရေစီမံခန့်ခွဲရေးအစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အကြံပြုပါကြောင်း၊  ထို့အပြင် နောင် ၁ နှစ်မှ ၃ နှစ်အတွင်း မိုးခေါင်မှု ပြဿနာ ကို ဖြေရှင်းပေး နိုင်ရေးအတွက် နှစ် ၂၀ ရေအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို ပြန်လည်ပြင် ဆင်သင့်ပါကြောင်း Mr. Somchai က အကြံပြုထားပါသည်။

 

 

Source: www.bangkokpost.gov   

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

Category: International News