Local News

ပြည်ပဈေးကွက်၌ ပျားရည်တစ်တန်လျှင် ကန်ဒေါ်လာ ၃၀၀၀ ထိ ဈေးကောင်းရနေသဖြင့် ယခုဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်း တိုးချဲ့လုပ်ကိုင်လာ

Last Updated:

ပြည်ပဈေးကွက်၌ မြန်မာ့ပျားရည်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ ထိ ဈေးကောင်းရနေသဖြင့် ယခုဘဏ္ဍာနှစ်တွင် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမျိုးတင့်က ပြောပြ၍သိရသည်။

ထိုသို့ မြန်မာ့ပျားရည် ပြည်ပဈေးကွက်၌ ဈေးကောင်းရရှိနေသည့်အတွက် ယခုဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လာပြီး ယခင်ဘဏ္ဍာနှစ်က ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်း ၈၂၀ ကျော်ရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်း ၁၃၀ ကျော်တိုးချဲ့လုပ်ကိုင်လာသဖြင့် ယခုဘဏ္ဍာနှစ်တွင် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်း ၉၅၀ ကျော် ရှိလာကြောင်း သိရသည်။

“လက်ရှိမှာ ဌာနအနေနဲ့ နိုင်ငံတစ်ဝန်း မြို့နယ် ၃၁ မြို့နယ်မှာဌာနပိုင် ပျားမွေးမြူရေးစခန်း ၃၁ ခုကို ဖွင့်လှစ်ထားရှိပြီး ပျားမွေးမြူရေးလုပ်ငန်းတွေကို လုပ်ကိုင်နေသလို ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်ကိုလည်း နည်းပညာတွေနဲ့ ပျားဘုရင်မ မျိုးကောင်းမျိုးသန့်တွေကို ပံ့ပိုးကူညီပေးနေတဲ့အတွက်ကြောင့် ပျားမွေးမြူရေးလုပ်ငန်းကို မှတ်ပုံတင်လုပ်ကိုင်သူများပြားလာတာ ဖြစ်ပါတယ်” ဟု ဦးမျိုးတင့်က ပြောပြသည်။

မြန်မာ့ပျားရည်သည် ပြည်ပဈေးကွက်၌ အရည်အသွေးကောင်းမွန်မှုကြောင့် အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ကနေဒါနိုင်ငံနှင့် အာဆီယံဒေသတွင်း နိုင်ငံများတွင် ဈေးကွက်နေရာများရရှိထားပြီးဖြစ်ကြောင်း၊ ပြည်ပဈေးကွက်တွင်လည်း ပျားရည်တစ်တန်လျှင် အမျိုးအစားအလိုက် အမေရိကန်ဒေါ်လာ ၂၅၀၀ မှ ၃၀၀၀ ထိ ဈေးရရှိနေပြီး တစ်နှစ်လျှင် ပြည်ပသို့ ပျားရည်တန်ချိန် ၃၀၀၀ ထိ တင်ပို့ရောင်းချနေရကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News