International News

တရုတ်နိုင်ငံ၌ သီးနှံအထွက်နှုန်း တိုးလာခြင်းကြောင့် သွင်းကုန်လျော့ကျလာမည်

Last Updated:

တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ အထွက်နှုန်းသည် လာမည့်ဆယ်စုနှစ်အတွင်း နှစ်စဉ် (၁.၁) ရာခိုင်နှုန်း တိုးလာမည်ဖြစ်၍ ကမ္ဘာ့အကြီးဆုံး စားနပ်ရိက္ခာတင်သွင်းသည့် တရုတ်နိုင်ငံသည် ပြည်ပမှ ဝယ်ယူမှု သိသိသာသာ လျော့နည်းသွားမည်ဖြစ်ကြောင်း အစီရင်ခံစာတစ်စောင်အရ သိရှိရပါသည်။

စိုက်ပျိုးဧရိယာများတည်ငြိမ်နေမှုနှင့် ကုန်ထုတ်စွမ်းအား မြင့်တက်မှုတို့ကြောင့် တရုတ်နိုင်ငံ၏ ကောက်ပဲသီးနှံ ထုတ်လုပ်မှုသည် ယခုနှစ်တွင် မတ်ထရစ်တန်ချိန် (၇၀၄) သန်းနှင့် ၂၀၃၃ ခုနှစ် တွင် အမြင့်ဆုံးတန်ချိန် (၇၆၆) သန်းအထိ ရောက်ရှိရန် မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ ဈေးကွက်ကြိုတင်သတိပေးရေး ကော်မတီက ပြုစုသည့် China Agricultural Outlook 2024-33 အရ သိရှိရပါသည်။

၂၀၃၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ လယ်ယာမြေတစ်ဟက်တာလျှင် ပျမ်းမျှအားဖြင့် သီးနှံ (၆.၄၃) တန် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး လက်ရှိထွက်ရှိမှု (၅.၈၃) တန်နှင့် နှိုင်းယှဉ်ပါက နိုင်ငံ၏ စားနပ် ရိက္ခာလိုအပ်ချက်၏ (၉၁.၅) ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မည်ဟု အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ သီးနှံတင်သွင်းမှုသည် ၂၀၃၃ ခုနှစ်တွင် တန်ချိန် (၁၁၀) သန်းသို့ လျော့ကျ သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ယမန်နှစ်က သီးနှံတန်ချိန် (၁၆၀) သန်း တင်သွင်းခဲ့ပြီး ပဲပုပ် တန်ချိန် (၉၉.၄) သန်းရှိခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရှိရပါသည်။ တရုတ်နိုင်ငံသည် ၂၀၃၃ ခုနှစ်တွင် ပဲပုပ်တန်ချိန် (၇၈.၆) သန်းသာ တင်သွင်းနိုင်မည်ဟု အစီရင်ခံစာက ခန့်မှန်း ထားကြောင်း သိရှိရပါသည်။

တရုတ်အာဏာပိုင်များသည် ဆန်နှင့် ဂျုံကဲ့သို့ အဓိကသီးနှံများတွင် အပြည့်အဝဖူလုံမှုရှိစေရန် အာရုံစိုက်လျက်ရှိကြောင်း၊ တိရစ္ဆာန်အစာနှင့် စားသုံးဆီအတွက် တင်သွင်းလာသော ပဲပုပ်ကို မှီခို အားထားနေရသော်လည်း ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်တွင် အားနည်းချက်များကြောင့် တရုတ် အစိုးရသည် အထွက်နှုန်းမြင့်သောမျိုးကွဲများ ထုတ်လုပ်ခြင်းနှင့် စိုက်ပျိုးဧရိယာများ တိုးချဲ့ခြင်းမှ တစ်ဆင့် ပြည်တွင်းပဲပုပ်ထုတ်လုပ်မှုကို မြှင့်တင်ရန် လှုံ့ဆော်ပေးခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၄ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ပြန်ခဲ့သည့် အဆိုပါအစီရင်ခံစာကို ပေကျင်းမြို့တွင် ကျင်းပ ခဲ့သည့် China Agriculture Outlook Conference တွင် ထုတ်ပြန်ခဲ့ပြီး ကွန်ဖရင့်ကို တရုတ်စိုက်ပျိုး ရေးသိပ္ပံအကယ်ဒမီ၏ စိုက်ပျိုးရေးသတင်းအချက်အလက်ဌာနမှ ဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသည် မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းများကို အားပေးရန်နှင့် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ရန် ပြုပြင်ပြောင်းလဲမှုများကို မြှင့်တင်လျက်ရှိကြောင်း သိရှိရပါသည်။ CAAS ပါတီ အကြီးအကဲ Yang Zhenhai က စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီသည် မျိုးရိုးဗီဇ ပြုပြင်မှု၊ ပေါင်းစပ်ဇီဝဗေဒ၊ ဒစ်ဂျစ်တယ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော အစိမ်းရောင်နည်းပညာစသည့် နယ်ပယ်များတွင် အခြေခံသုတေသနနှင့် အဓိကကျသော နည်းပညာဆိုင်ရာ တိုးတက်မှုများကို အာရုံ စိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ကုလသမဂ္ဂ၏ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်ရေး ရည်မှန်းချက်ကို ပြည့်မီစေရန် ကြိုးပမ်းရာတွင် ကမ္ဘာကြီးသည် နောက်ကျကျန်နေပြီဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် ကမ္ဘာ့စားနပ်ရိက္ခာဈေးကွက်ကို တည်ငြိမ်မှုရှိစေကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့မှ တရုတ်ကိုယ်စားလှယ် Sheikh Ahaduzzaman က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကုလသမဂ္ဂ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် လူပေါင်း (၇၃၅) သန်းခန့် (သို့မဟုတ်) ကမ္ဘာ့လူဦးရေ၏ (၉.၂) ရာခိုင်နှုန်းသည် ကာလရှည် ငတ်မွတ်ခေါင်းပါးမှုဖြင့် ရင်ဆိုင်နေရ ပြီး ၂၀၁၉ ခုနှစ်၊ ကပ်ရောဂါအကြိုအဆင့်တွင် ရှိခဲ့သည့်ပမာဏထက် များစွာမြင့်တက်လာကြောင်း သိရှိရပါသည်။

နောက်ထပ် လူ (၂.၄) ဘီလီယံသည် အသင့်အတင့်မှ ပြင်းထန်သော စားနပ်ရိက္ခာမလုံလောက် မှုနှင့် ရင်ဆိုင်နေရပြီး အာဟာရလုံလောက်စွာ မရရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် (၃၉၁) သန်းသာရှိခဲ့ရာမှ ယခုကဲ့သို့ တိုးလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

တရုတ်ဗဟိုအစိုးရက ယခုလတွင် ထုတ်ပြန်ခဲ့သည့် လမ်းညွှန်ချက်တွင် တရုတ်နိုင်ငံ၏ နှစ်စဉ် ကောက်ပဲသီးနှံထုတ်လုပ်မှုကို ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် သန်း (၅၀) ကျော် မြှင့်တင်ရန် ရည်ရွယ်ထားပြီး ပြောင်းနှင့် ပဲပုပ်ကို အဓိကထားကြောင်း၊ ကောက်ပဲသီးနှံအထွက်နှုန်းသည် ၂၀၃၀ ပြည့်နှစ်တွင် တစ်ဟက်တာလျှင် (၆.၃) တန်ကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source: https://www.chinadaily.com.cn/a/202404/23/WS66270a95a31082fc043c3620.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: International News